ခရစ်ကတ်သမားဟောင်း အင်မရန်ခန်း ဝန်ကြီးချုပ် ဖြစ်တော့မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ခရစ်ကတ်အသင်း ကပ္ပတိန်ဘဝက ခန်း

ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ရှိခဲ့တယ်လို့ ပြိုင်ဘက် ပါတီတွေရဲ့ စွပ်စွဲမှုတွေ ရှိနေပေမယ့် ခရစ်ကက် ကစားသမားဟောင်း အင်မရန်ခန်း က သူအနိုင်ရပြီလို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ ခန်းက ဒီရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံမှာ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတွေထဲမှာ အသန့်ရှင်းဆုံး၊ တရားမျှတဆုံးရွေးကောက်ပွဲ ဖြစ်ပါတယ်၊ ဒီလို ရွေးကောက်ပွဲမျိုး ပါကစ္စတန် ပြည်သူတွေ အရင်က မကြုံခဲ့ဖူးဘူးလို့ ထင်ပါတယ်။ မဲလိမ်တယ်လို့ အတိုက်အခံတွေက ပြောတယ် ဆိုရင် သူတို့နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားပါ့မယ်လို့ မစ္စတာခန်းက ပြောပါတယ်။

ရလဒ် တချို့တဝက်အရ မစ္စတာ ခန်း အနိုင်ရခြေ ရှိနေပြီး သူ့ပါတီဟာ ပါလီမန်မှာ တခုတည်းသော အကြီးဆုံး ပါတီကြီး ဖြစ်လာမှာပါ။

သူ့အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒအကြောင်း ပြောရာမှာ မစ္စတာ ခန်းက ပါကစ္စတန်နဲ့ အိန္ဒိယ နိုင်ငံတွေ အနေနဲ့ ကာလတာရှည် အငြင်းပွားနေတဲ့ ကက်ရှမီးယား အရေးကို တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းသင့်တယ်လို့ ပြောသွားပါတယ်။

ရွေးကောက်ပွဲ မဲအရေအတွက် ထက်ဝက်ကျော်ကို ရေပြီးချိန်မှာကို မစ္စတာခန်းရဲ့ PTI ပါတီက ရှေ့ကပြေးနေတာ ပါ။

ပါကစ္စတန်ရွေးကောက်ပွဲ အကြမ်းဖက်မှုကြောင့် လူ ၃ဝ ကျော်သေ

ဓာတ်ပုံ မူပိုင် WAKIL KOHSAR
Image caption ခန်းကို ထောက်ခံတဲ့ ပရိသတ်တွေ

မစ္စတာခန်းဟာ ၁၉၉၂ က ခရစ်ကတ် ကမ္ဘာ့ချန်ပီယံဆုရအောင် ပါကစ္စတန် အသင်းကို ခေါင်းဆောင်ခဲ့သူပါ။

အရင်က အပျော်အပါးလိုက်တဲ့ လူချမ်းသာလို့ သိကြတဲ့ဘဝကို စွန့်ပြီး နိုင်ငံရေးလောကထဲ ဝင်လာတဲ့ ခန်းကို စစ်တပ်သြဇာခံဆိုပြီး စွပ်စွဲနေကြတာလည်း ရှိပါတယ်။

လက်ဝဲပါတီတခုမှာ အထွေထွေ အတွင်းရေးမှူး လုပ်တဲ့ ဒေါက်တာ တိုင်မူ ရာမန်က ခန်းကို ဒီလို ဝေဖန်ပါတယ်။

ခန်း ထောက်ခံနေတဲ့ နိုင်ငံရေး လမ်းကြောင်းက စစ်တပ် အကြိုက်၊ အုပ်စိုးသူတွေ အကြိုက်ပါ။ နောက် သူ့ပါတီကို ဘာသာရေး အုပ်စုတွေနဲ့ ဝင်ရောပါတယ်။ နောက် မြေရှင်နဲ့ သြဇာရှိသူတွေ အကြိုက် လုပ်ပါတယ်။ ဒီလိုနဲ့ အနိုင်ရအောင် လုပ်နေတာ ...လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် NADEEM KHAWER
Image caption မဲပေးဖို့ စောင့်နေသူ အမျိုးသမီးတွေ

ပါကစ္စတန်မှာ အရပ်သား အစိုးရက နောက်တဆက်ကို ဒုတိယအကြိမ် အာဏာလွှဲပေးနိုင်တာလည်း ဖြစ်ပါတယ်။

၁၉၉၆ က စပြီး နိုင်ငံရေးထဲ ဝင်လာတဲ့ ခန်းဟာ အခုတော့ ဆင်းရဲမှု တိုက်ဖျက်ရေး ပြုပြင်ရေး လိုလားသူ ဆိုတဲ့ ပုံရိပ်နဲ့ လူကြိုက်များနေတာ ဖြစ်ပါတယ်။ ခြစားမှုတွေ တိုက်ဖျက်မယ်လည်း ဆိုပါတယ်။ ဘာသာရေး ကိစ္စမှာတော့ မနှစ်တုန်းက သူ့ပါတီက တာလီဘန် လှုပ်ရှားမှု အစက ခေါင်းဆောင်ရဲ့ ဘာသာရေး ကျောင်းကို ငွေလှူတာတွေ လုပ်ခဲ့ပါတယ်။

အဖမ်းခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း နဝပ်ဇ် ရှရဖ် ပါတီနဲ့ တခြားပါတီလေးတွေကတော့ ဒီရလဒ်ကို မသမာဘူးဆိုပြီး ကန့်ကွက်နေကြပါတယ်။

နေရာ အများအပြားမှာ အမျိုးသမီးတွေ မဲပေးခွင့်မရဘူးဆိုတဲ့ တိုင်ကြားချက်တွေ ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်တီ ရောက်လာတယ်လို့ သိရပါတယ်။

နဝပ်ဇ် ရှရဖ် ပါတီက ဒုတိယလိုက်ပြီး ဘနဇီယာဘူတိုရဲ့သား အောက်စဖို့ဒ် ကျောင်းဆင်း ခေါင်းဆောင်တဲ့ ပါတီကတော့ တတိယ လိုက်နေပါတယ်။

မစ္စတာ ခန်း ကိုယ်တိုင်လည်း အောက်စဖို့ဒ် ထွက် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် RIZWAN TABASSUM
Image caption ညလုံးပေါက် မဲတွေရေ