ပါကစ္စတန် စည်းလုံးညီညွတ်လိုကြောင်း အင်မရန်ခန်းပြော

Image caption အင်မရန်ခန်းရဲ့ ပါတီ PTI ကို ထောက်ခံကြသူတွေ

ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့သလား ဆိုတာကို စုံစမ်းသွားလိုတဲ့ ဆန္ဒ သူ့မှာ ရှိတယ်လို့ ရွေးကောက်ပွဲ နိုင်ကြောင်း ကြေညာထားတဲ့ အင်မရန်ခန်းက ပြောပါတယ်။

နာမည်ကြီး ခရစ်ကက် ကစားသမားဘဝကနေ နိုင်ငံရေး လောကထဲ ရောက်လာတဲ့ အီမရန်ခန်းဟာ ပါကစ္စတန်ရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ အလားအလာ များနေပါတယ်။

သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ပါကစ္စတန် နိုင်ငံ တစည်းတလုံးတည်း ဖြစ်နေဖို့ လိုလားတယ်လို့ မစ္စတာခန်းက ဆိုပါတယ်။

ရွေးကောက်ပွဲ အပြီးသတ် ရလဒ်တွေကို ပါကစ္စတန် ရွေးကောက်ပွဲ ဘုတ်အဖွဲ့က ဇူလိုင် ၂၇ ရက်၊ သောကြာနေ့မှာ ကြေညာလာမယ်လို့ မျှော်လင့်ရပါတယ်။

Image caption PTI ပါတီ အောင်ပွဲ ခံနေပြီ
Image caption အင်မရန်ခန်းရဲ့ ပရိသတ်

အင်မရန်ခန်းရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကတော့ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ အတွင်း မဲလိမ်မဲခိုးမှုတွေ ရှိခဲ့တယ် ဆိုပြီး စွပ်စွဲ ပြစ်တင် နေပါတယ်။

အခု ထွက်ပေါ်လာသမျှ မဲရလဒ်တွေ အရ မစ္စတာခန်းရဲ့ ပါတီဟာ ပါလီမန်ထဲ နေရာ အများစု ရရှိ နိုင်ပါတယ်။

သူ့ပြိုင်ဘက်တွေ အနေနဲ့ နိုင်ငံရေး အရ အမှားအယွင်း ကျူးလွန် ခံခဲ့ရတယ် ဆိုရင် အဲဒီလို အဖြစ်အပျက်မျိုးတွေ အပေါ် သူမလိုလားဘူးလို့ ရုပ်မြင်သံကြားကနေ တဆင့် တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းထဲ မစ္စတာခန်းက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပါကစ္စတန်က အမျိုးသမီး မဲပေးခွင့်

အမေရိကန်နဲ့ ဆက်ဆံရေး အကြောင်းလည်း မစ္စတာခန်းက မိန့်ခွန်းထဲ ထည့်သွင်း ပြောဆို ခဲ့တာမှာ ဆက်ဆံရေး ဟန်ချက်မျှရစေမယ်၊ နှစ်နိုင်ငံလုံး အတွက် အကျိုး ဖြစ်ထွန်း စေရမယ် ဆိုပြီး ကတိပြု ပြောဆို သွားပါတယ်။

ပါကစ္စတန်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယနဲ့ကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း ကက်ရှမီးယား ဒေသ အရေးကို နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေး အဖြေရှာသင့်တယ်လို့ မစ္စတာခန်းက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပါကစ္စတန် ရွေးကောက်ပွဲမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ

ဆက်စပ် အကြောင်းအရာများ