အမေရိကန်စစ်သားအရိုးတွေကို ကန်အစိုးရဆီ မြောက်ကိုရီးယားပြန်ပေး

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်စစ်သားအရိုးတွေကို အမေရိကန်စစ်လေယာဉ်ဆီကို သယ်ဆောင်လာပုံ

ကိုရီးယားစစ်ပွဲမှာ ကျဆုံးခဲ့တယ်လို့ယူဆရတဲ့ အမေရိကန်စစ်သားတွေရဲ့အရိုးတွေကို မြောက်ကိုရီးယားက အမေရိကန်အစိုးရကို ပြန်ပေးလိုက်ပါတယ်။

ဒါဟာ သံတမန်ဆက်ဆံရေးအရ အပြန်အလှန်သတိထား ဆက်ဆံနေရတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရတို့အကြား နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုတခုလည်း ဖြစ်ပါတယ်။

ခေါင်းတလားထဲမှာထည့်ထားတဲ့ အရိုးတွေကို အမေရိကန်စစ်လေယာဉ်တစီးက တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်အခြေစိုက် စစ်တပ်စခန်းတစ်ခုကနေ သယ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုရီးယားစစ်ပွဲ

သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေကတော့ သူတို့ချစ်တဲ့သူတွေရဲ့ ရုပ်ကြွင်းတွေကို မူလဌာနေကို ပြန်လည်သယ်ယူနိုင်ဖို့ နှစ်ပေါင်းများစွာ စောင့်မျှော်နေကြတာပါ။

ပြီးခဲ့တဲ့ဇွန်လက အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအပြီးမှာ သူတို့တွေရဲ့ဆွေမျိုးသားချင်းတွေအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာတာပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအပြီးမှာပဲ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ ဖျက်သိမ်းဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံစံ ဖျက်သိမ်းမယ်ဆိုတာတော့ အသေးစိတ်ကြေညာခြင်း မရှိခဲ့ပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်

ကိုရီးယားစစ်ပွဲအတွင်းမှာတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့ တောင်ကိုရီးယားတပ်ဘက်မှာ အမေရိကန် စစ်သား သုံးသိန်းကျော်က ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ပွဲအတွင်း မြောက်ကိုရီးယားဘက်မှာ ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သား ငါးထောင်ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။