ဇူလိုင် ၂၇ ရက် မနက်ပိုင်း စိတ်ဝင်စားစရာ သတင်းများ

ဓာတ်ပုံ မူပိုင် LWINKOKOLATT
Image caption ဘီးလင်းမြို့ ကားလမ်းတလျှောက် ရေကြီးရေလျှံနေတဲ့ မြင်ကွင်း

၁။ မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်း ရေကြီးရေလျှံနေလို့ ဇူလိုင်လ ၂၆ ရက် ညပိုင်းကနေ ဒီနေ့အထိ ရန်ကုန် - မော်လမြိုင် ကားလမ်းပိုင်းတွေမှာ ရေကျော်နစ်မြုပ်နေလို့ ကားတွေ ရာချီကျော် ပိတ်မိနေတယ်လို့ အဲဒီနေရာကို ရောက်ရှိ ပိတ်မိနေသူတွေက ပြောပါတယ်။

မိုးကလည်း အဆက်မပြတ်ရွာနေဆဲဖြစ်လို့ ရေကျဖို့လည်း ကြန့်ကြာနိုင်တယ်လို့ သူတို့တွေက ပြောပါတယ်။ ပိတ်မိနေတဲ့သူတွေအတွက် ထမင်းထုပ်တွေကို ပြည်နယ်အစိုးရ အာဏာပိုင်တွေက လာရောက်ဝေငှပေးနေပြီး ပိတ်မိသူတွေ အမြန်ဆုံးထွက်ခွာနိုင်ဖို့ ကူညီပေးနေတယ်လို့ ပိတ်မိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myint Soe
Image caption ဘီးလင်းမြို့ရေကျော်နေတဲ့ ကားလမ်းမှာပိတ်မိနေကြတဲ့ ခရီးသွားများ

၂။ ပဲခူးမြစ်ရေ မြင့်တက်ပြီး ရေကြီးလာလို့ ပဲခူးမြို့ပေါ်မှာပဲ ရေဘေးကယ်ဆယ်ရေးစခန်း ၂ဝ ဖွင့်လှစ် ထားရတယ်လို့ ပဲခူးမြို့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ အိမ်ထောင်စု ၂၅ဝဝ နီးပါးက လူဦးရေ ၁၅ဝဝဝ ကျော် ရေဘေးကြုံနေရလို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင် ပေးနေတယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Agmyo Min
Image caption ရေကြီးနေတဲ့ ပဲခူးမြို့တွင်းတစ်နေရာ

၃။ ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ကမာနတ်ကျေးရွာမှာ ဇူလိုင်လ ၂၆ ရက်ည ၁၂ နာရီ ၁၅ မိနစ်ခန့် အချိန်က လေဆင်နှာမောင်း တိုက်ခတ်လို့ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေ အပါအဝင် နေအိမ် ၂၀၀ ကျော် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် သန်းဝင်းနိုင်
Image caption လေဆင်နှာမောင်း တိုက်ခတ်

၄။ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေက ဆက်လက်မြင့်တက်နေလို့ မြို့ပေါ်ရေဘေးစခန်း ၁၀ ခုကို ရောက်နေကြတဲ့ ရေဘေးဒုက္ခသည် ကိုးထောင်ကျော်ဟာ နေရပ်တွေပြန်ဖို့ ခက်ခဲနေသေးတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

အလားတူ ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့မှာလည်း ရေကြီးနေလို့ ဘားအံ - ဖာပွန် ကားလမ်းအပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Saw Chaint Phaung
Image caption ရေမကျသေးတဲ့ ဘားအံမြို့မြင်ကွင်း
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်စစ်သားတွေရဲ့အရိုးတွေကိုသယ်ဆောင်လာစဉ်

၅။ ကိုရီးယားစစ်ပွဲမှာ ကျဆုံးခဲ့တယ်လို့ယူဆရတဲ့ အမေရိကန်စစ်သားတွေရဲ့အရိုးတွေကို မြောက်ကိုရီးယားက အမေရိကန်အစိုးရကို ပြန်ပေးလိုက်ပါတယ်။ ဒါဟာ သံတမန်ဆက်ဆံရေးအရ အပြန်အလှန်သတိထား ဆက်ဆံနေရတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရတို့အကြား နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုတခုလည်း ဖြစ်ပါတယ်။

သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေကတော့ သူတို့ချစ်တဲ့သူတွေရဲ့ ရုပ်ကြွင်းတွေကို မူလဌာနေကို ပြန်လည်သယ်ယူနိုင်ဖို့ နှစ်ပေါင်းများစွာ စောင့်မျှော်နေကြတာပါ။ ပြီးခဲ့တဲ့ဇွန်လက အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအပြီးမှာ သူတို့တွေရဲ့ဆွေမျိုးသားချင်းတွေအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာတာပဲ ဖြစ်ပါတယ်။