ရွေးကောက်ပွဲ ရလဒ်ကို ပါကစ္စတန် နိုင်ငံရေးပါတီ အတော်များများ လက်မခံ

ဓာတ်ပုံ မူပိုင် AFP
Image caption ပါလီမန်ကို သပိတ်မှောက်ဖို့ ဆွေးနွေးတဲ့ နိုင်ငံရေး ပါတီတွေထဲမှာ အရင် အစိုးရပါတီဟောင်း PML-N ပါတီလည်း ပါဝင်

ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ခရစ်ကက် လက်ရွေးစင် ကစားသမားဟောင်း အင်မရန် ခန်း ဝန်ကြီးချုပ် ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပေမယ့် နိုင်ငံရေး ပါတီ အတော်များများကတော့ မဲရလဒ်တွေကို လက်မခံပဲ ကန့်ကွက်လိုက်ကြပါတယ်။

လောလောဆယ် မဲ ရလဒ်တွေအရ အင်မရန်ခန်းရဲ့ PTI ပါတီက အသာရနေပြီး သူတို့ ပါတီ နိုင်တယ်လို့ ထုတ်ဖော်ကြေညာထားတာပါ။

ဒါပေမယ့် ပြိုင်ဘက် ပါတီတွေကတော့ မဲလိမ်မှုတွေ ရှိတယ်လို့ စွပ်စွဲနေကြပါတယ်။

အစ္စလာမာဘာ့ဒ်မြို့မှာ ပြိုင်ဘက် နိုင်ငံရေး ပါတီတွေ ပူးတွဲ ဆွေးနွေးခဲ့ကြ အပြီးမှာ ပါတီ ခေါင်းဆောင် တယောက်က ရွေးကောက်ပွဲ အသစ် တခု ပြန်ကျင်းပပေးဖို့ တောင်းဆို ဆန္ဒပြမယ်လို့ ပြောပါတယ်။

အဲဒီပြိုင်ဘက် ပါတီတွေထဲမှာ အဂတိလိုက်စားမှု စွဲချက်နဲ့ အကျဉ်းကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း နဝါ့ဇ် ရှာရစ်ဖ်ရဲ့ ညီ ဖြစ်သူ ရှာဘာ့ဇ် ရှာရစ်ဖ် ခေါင်းဆောင်တဲ့ PML-N ပါတီလည်း ပါပါတယ်။

အစောပိုင်းတုန်းက အတိုက်အခံ ပါတီအဖြစ် နေဖို့ အသင့်ရှိတယ်လို့ ပြောခဲ့တာပါ။

အခုတော့ PML-N ပါတီက သူတို့ပါတီအနေနဲ့ တခြားပါတီတွေနဲ့ ဆွေးနွေးနေပြီး ပါလီမန်ကို သပိတ်မှောက်ဖို့ မမှောက်ဖို့ ဆိုတာကို သုံးသပ်နေတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲအပြီးမှာ ပူးတွဲ နည်းဗျူဟာတခု ရေးဆွဲဖို့ ပါတီပေါင်း ၁၅ခုလောက်ရဲ့ ခေါင်းဆောင်တွေက အစည်းအဝေး ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်မရန် ခန်းရဲ့ PTI ပါတီကို ထောက်ခံ အားပေးသူတွေ အောင်ပွဲ ဆင်နေ

မဲရလဒ် အများစုကို ရေတွက်ပြီးချိန်မှာ ပါလီမန် အမတ် နေရာ ၂၇၂ နေရာမှာ အင်မရန် ခန်းရဲ့ PTI ပါတီက ၁၁၅ နေရာ ရထားပြီး ဖြစ်ပြီး PML-N ပါတီကတော့ ၆၄ နေရာပဲ ရထားပါသေးတယ်။

ဝန်ကြီးချုပ်အဖြစ် ၂ကြိမ် ထမ်းဆောင်ခဲ့ပြီး လုပ်ကြံခံခဲ့ရသူ ဘနစ်ဇီယာ ဘူတို ရဲ့ သားဖြစ်သူ ဘီလာဝါးလ် ဘူတို ဇာဒါဝီ ဦးဆောင်တဲ့ PPP ပါကစ္စတန် ပြည်သူ့ပါတီကတော့ အမတ်နေရာ ၄၃နေရာနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ပြိုင်ဘက်ပါတီတွေရဲ့ အစည်းအဝေးကိုတော့ PPP ပါတီ မတက်ခဲ့ပါဘူး။

အမတ်နေရာ အများစု ရဖို့အတွက် ၁၃၇နေရာ ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အင်မရန်ခန်းအနေနဲ့ ဝန်ကြီးချုပ် ဖြစ်လာဖို့ ရှိနေပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ လိုပါလိမ့်မယ်။

အခု ပြိုင်ဘက် ပါတီအတော်များများက ရွေးကောက်ပွဲ အသစ် ကျင်းပပေးရေး တောင်းဆိုဖို့ စီစဉ်နေရာမှာ တကယ်တမ်း တောင်းဆို ဆန္ဒပြမှုတွေ ရှေ့တိုး လုပ်လာမယ် ဆိုရင်တော့ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးက မတည်မငြိမ် ဖြစ်လာပါလိမ့်မယ်။

မစ္စတာ ရှာရစ်ဖ်ရဲ့ PML-N ပါတီဟာ ပါကစ္စတန်နိုင်ငံရဲ့ လူဦးရေ အများဆုံး ပန်ဂျပ်ပြည်နယ်မှာ အစိုးရဖွဲ့နိုင်ဖို့ကို အပြင်းအထန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

PML-N ပါတီအနေနဲ့ ဖယ်ဒရယ် အဆင့်မှာ အစိုးရဖွဲ့နိုင်မှာ မဟုတ်တဲ့အတွက် သူတို့ အမြဲ ထိန်းချုပ်ထားတဲ့ ပန်ဂျပ်ပြည်နယ်ကို ပြန်ရဖို့ စိတ်ထက်သန်နေတာပါ။

ဒါပေမယ့် အင်မရန် ခန်းရဲ့ PTI ပါတီကလည်း တခြားပါတီ ငယ်လေးတွေ၊ တသီး ပုဂ္ဂလတွေနဲ့ ပေါင်းပြီး အဲဒီမှာ အစိုးရ ဖွဲ့နိုင်ဖို့ အပြိုင်ကြိုးပမ်းနေတာမို့ အခုလာမယ့် ရက်ပိုင်းအတွင်း ပါကစ္စတန် နိုင်ငံရေးမှာ အလှည့်အပြောင်းတွေ တွေ့ရအုံးမယ်လို့ ဘီဘီစီ အရှေ့တောင် အာရှရေးရာ အယ်ဒီတာ Anbarasan Ethirajan ကသုံးသပ်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ