ကမ္ဘာ့ အကြီးဆုံး မီးသတ်လေယာဉ် သုံးရတဲ့ ကယ်လီဖိုးနီးယား

ဓာတ်ပုံ မူပိုင် NOAH BERGER
Image caption လေယာဉ်နဲ့ မီးသတ်နေရ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ တောမီးအကြီးအကျယ်လောင်နေတာကြောင့် မီးသတ်သမား ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူသောင်းချီလို့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

တောမီးက ကယ်လီဖိုးနီးယား မြောက်ပိုင်း ရှစတာခရိုင်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လေပွေမွှေ့သလိုဖြစ်ပြီး မီးလေဆင်နှာမောင်းပုံစံမျိုး ပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့တာလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ မီးလောင်နေတဲ့သစ်ပင်တွေ အမြစ်က ကျွတ်ပါသွားခဲ့ပြီး ကားတွေ ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အခု ရေဂါလံ နှစ်သောင်းနီးပါးဆန့်တဲ့ ကမ္ဘာ့ အကြီးဆုံး မီးသတ် လေယာဉ်နဲ့ မီးသတ်ဖို့ ပြင်ဆင်နေပါတယ်။

မီးကြောင့် အဆောက်အဦ ၅ဝဝ ထက်မနည်း ပျက်စီးလောင်ကျွမ်းခဲ့ပြီး ထောင်ချီတဲ့ လူနေအိမ် တွေကိုပါ ကူးစက်လောင်ကျွမ်းနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။

မီးသတ်သမားတွေ မနည်းကြိုးစား ငြှိမ်းသတ်နေပေမယ့် အခု ၅ ရာခိုင်နှုန်းလောက်ပဲ မီးသတ်နိုင်ပါသေးတယ်။

ကားရ် လို့ နာမည်ပေးထားတဲ့ ဒီတောမီးဟာ တနင်္လာနေ့က စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခုဆို ဧက လေးသောင်း ရှစ်ထောင် ကျော် လောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒီ အကျယ်အဝန်းဟာ ဆန်ဖရန်စစ္စကို မြို့ ဧရိယာထက်တောင် ကြီးပါတယ်။

၆ ရက်ကြာခဲ့ပြီဖြစ်ပေမယ့် ထောင်ချီတဲ့ မီးသတ်သမားတွေဟာ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ဆက်ပြီး ကြိုးစားနေကြဆဲဖြစ်ပါတယ်။

ဒီလို မီးငြှိမ်းသတ်ရင်း မီးသတ်အရာရှိတဦးနဲ့ မီးသတ်ဌာန မြေထိုးစက်မောင်းသူတဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဘွားအို တဦးနဲ့ သူရဲ့ မြစ် တော်သူ မိန်းကလေး ၂ ဦး လောလောဆယ် ပျောက်နေတယ်လို့ ဆန်ဖရန်စစ္စကို ခရော်နီကယ်သတင်းထဲမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် NWCG / HANDOUT
Image caption မီးလေဆင်နှာမောင်းပုံမျိုး လောင်ကျွမ်းလို့ ထွက်ပြေးရ

မီးကြောင့် လေပူတွေ မွှေ့ရမ်းလည်ပတ်ရာက လေပွေမွှေ့သလိုဖြစ်ပြီး မီးလောင်နေတဲ့ သစ်ရွက် သစ်ကိုင်းတွေကို သယ်ဆောင်တိုက်ခတ်တဲ့အတွက် အလျင်အမြန် ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

ဒီ မီးလေဆင်နှာမောင်းဟာ ပေ ၂ဝဝ ကျော် အမြင့်လောက်ထိ ရောက်ပြီး အပူချိန် က စင်တီဂရိတ် တထောင်ကျော်လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ရက်ဒိန်းဆိုတဲ့မြို့မှာ အဆောက်အဦး ရာနဲ့ချီပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ လူ လေးသောင်းကျော်ကို မြို့ကနေ ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။

လူတွေကယ်ထုတ်ရာမှာ ကားလမ်းပိတ်ဆို့နေခဲ့တာကြောင့် ခြေကျင် ဘေးလွတ်ရာပြေးခဲ့ရသူတွေ ရှိပါတယ်။

အမျိုးသမီးတဦးကတော့ ချုံပုတ်တွေကြားက မီးလုံးကြီးထွက်လာပြီး သူပါ မီးထဲ ပါသွားခဲ့လို မနည်းထွက်ပြေးခဲ့ရတယ်လို့ ထိတ်လန့်စရာ သူအတွေ့ အကြုံကို ပြန် ပြောပြခဲ့ပါတယ်။

ကျန်နေတဲ့ လူတွေကို လည်း အိမ်ကနေ ထွက်သွားကြဖို့ မီးသတ်နဲ့ ရဲတွေက တအိမ်တက်ဆင်း လိုက်လံ ဆော် သြနေပါတယ်။

ဓာတ်ပုံ မူပိုင် Justin Sullivan
Image caption ဆိတ်ကို ရေတိုက်နေသူ

ကားရ်တောမီးဟာ အမေရိကန်ပြည်ထောင်စုမှာ အမြဲလောင်ကျွမ်းလေ့ရှိတဲ့ တောမီး ၉၀ လောက်ထဲက တခုဖြစ်ပါတယ်။

ကာလီဖိုနီးယားပြည်နယ်ဟာ ပူပြင်းတဲ့ နွေရာသီဆိုရင် တောမီးလောင်လေ့ရှိပေမယ့် အခုမီးဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အထူးသဖြင့် ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အတွင်း မိုးခေါင်လို့ သစ်ပင်တွေ သေပြီး ခြောက်သွေ့နေတာကြောင့် မီးကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။