အီရတ်မှာ လျှပ်စစ် မလုံလောက်ခဲ့လို့ ဝန်ကြီး ကို အလုပ်ဖြုတ်

ဓာတ်ပုံ မူပိုင် AFP

အီရတ်မှာ လျှပ်စစ်မီး လုံလုံလောက်လောက် မရတာကို ကန့်ကွက်မှု အပါအဝင် အစိုးရကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ သုံးပတ်လောက် ဖြစ်ပွားခဲ့အပြီး ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက လျှပ်စစ်ဝန်ကြီး ကက်ဆမ် အယ်လ် ဖာဒါဝီကို ဇူလိုင် ၂၉ ရက်မှာ အလုပ်ထုတ်လိုက်ပါတယ်။

အလုပ်ထုတ်ပစ်ဖို့ ဆန္ဒပြသူတွေကလည်း တောင်းဆိုခဲ့ကြပြီး လျှပ်စစ်မီးရရှိမှု အခြေ အနေ ပိုဆိုးလာတာကြောင့် မစ္စတာ အယ်လ် ဖာဒါဝီကို ထုတ်ရတာလို့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ အယ်လ် ဖာဒါဝီဟာ လျှပ်စစ်ဝန်ကြီးအဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလက အဘာဒီအစိုးရအဖွဲ့မှာ လျှပ်စစ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ Anbarရဲ့ အုပ်ချုပ်ရေးမှူး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မေ ၁၂ ရက် ပါလီမန် ရွေးကောက်ပွဲအတွင်း မသမာမှုနဲ့ လိမ်လည်မှု စွဲချက်တွေနဲ့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲအရာရှိ ၅ ဦးကို ထုတ်ပယ်ဖို့ အဘာဒီရဲ့ ထောက်ခံ ချက်ကို လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့နောက်တနေ့မှာပဲ လျှပ်စစ်ဝန်ကြီးကို ထပ်မံထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

အီရတ်နိုင်ငံ အလယ်ပိုင်းနဲ့တောင်ပိုင်းက မြို့တွေမှာ ဖြစ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲတွေမှာ လျှပ်စစ်မီး ကိစ္စအပြင်၊ အလုပ်လက်မဲ့ များပြားမှု၊ သောက်ရေသန့် မရရှိမှုနဲ့ အစိုးရ စီမံခန့် ခွဲရေး ညံ့ဖျင်းမှုတွေကိုလည်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်နောက်ပိုင်း အီရတ် ခေါင်းဆောင် ဆက်ဒမ်ဟူစိန် အဖြုတ်ခံရပြီးကတည်းက စစ်ကြောင့် ပျက်စီးခဲ့ရတဲ့ လျှပ်စစ် ဓာတ်အားလိုင်းတွေကို ပြန်လည် တည်ဆောက်ဖို့ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀ အထိ အစိုးရက လျာထားခဲ့ပေမယ့် လျှပ်စစ် ဝန်ကြီး အဆက်ဆက် အကျင့်ပျက် ခြစားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံတဝန်း တရက်ကို နာရီအနည်းငယ်ပဲ မီးလာတဲ့အတွက် လမ်းထောင့်တိုင်း လိုလိုမှာ ရှိတတ်တဲ့ မီးစက်မောင်းပြီး လျှပ်စစ်ဓာတ်အား ရောင်းသူတွေဆီက အီရတ် ပြည်သူတွေ ဝယ်ယူနေရတာ ဖြစ်ပါတယ်။

မသမာမှုတွေ လိမ်လည်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အီရတ် ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေးသမားတွေက အစိုးရဖွဲ့ဖို့ ရုန်းကန်နေရသလို လူထုတွေကလည်း နိုင်ငံတွင်း ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် မကျေနပ်မှုတွေ ပိုမြင့်လာပါတယ်။

ဆက်စပ် အကြောင်းအရာများ