လူ ၄ သန်း ကို နိုင်ငံသား ရုပ်သိမ်းဖို့ အိန္ဒိယ ကြေညာ

ဓာတ်ပုံ မူပိုင် Reuters
Image caption အများစု ဟာ ဘင်္ဂလီ စကားပြော အစ္စလမ် ဘာသာ ဝင်တွေ ဖြစ်

အိန္ဒိယ နိုင်ငံ၊ အာသံ ပြည်နယ် မှာ ဆယ်စုနှစ်ပေါင်း များစွာ နေထိုင် ခဲ့ကြတဲ့ လူ ၄ သန်း ကို နိုင်ငံသား ဖြစ်ခွင့် ရုပ်သိမ်း မယ် ဆိုပြီး သူတို့ ရဲ့ စာရင်း ကို တာဝန်ရှိသူတွေ က ထုတ်ပြန် လိုက်ပါတယ်။

အဲဒီစာရင်း ထဲ က လူ အများစု ဟာ ဘင်္ဂလီ စကားပြော အစ္စလာမ် ဘာသာ ဝင်တွေ ဖြစ်ကြပါတယ်။ သူတို့ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လို့ မဖြစ်ပေါ်မီ ၁၉၇၁ မတိုင်ခင် ကထဲက အိန္ဒိယ နိုင်ငံမှာ နေထိုင်ခဲ့ကြောင်း သက်သေ ပြဖို့ လိုအပ်မယ်လို့လည်း ဆိုပါတယ်။

ဒီလို ပြုလုပ်ဆောင်ရွက်ရတာကလည်း ဘင်္ဂလားဒေ့ရှ် ကနေ တရားမဝင် ဝင်ရောက် နေထိုင် တဲ့ လူတွေကို ရှင်းလင်း လိုတဲ့ အတွက် ဖြစ်တယ်လို့ အိန္ဒိယ တာဝန် ရှိသူတွေက ဆိုပါတယ်။

လူစာရင်း ထုတ်ပြန် ခဲ့မှုကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက် လာမှာ ကို စိုးရိမ်တဲ့ အတွက် လတ်တလော အချိန်မှာတော့ ဘယ်သူ့ကိုမှ ချက်ချင်း နိုင်ငံတွင်း က နှင်ထုတ် မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

အဲဒီ လူ ၄ သန်း ဟာ သူတို့ရဲ့ နိုင်ငံသား ဖြစ်မှု အတွက် တရားရုံးမှာ အယူခံ ဝင်ခွင့် ရရှိမှာ ဖြစ်ပေမယ့် ရှည်ကြာတဲ့ တရားရင်ဆိုင်မှု နဲ့ ကြုံတွေ့ ရဖွယ် ရှိနေပါတယ်။

၁၉၇၁ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ပါကစ္စတန် နိုင်ငံ ကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး ကြေညာ ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ၂ နိုင်ငံ စစ်ဖြစ်ပွား ခဲ့ပြီး သန်း နဲ့ချီ တဲ့ လူတွေဟာ အိန္ဒိယ နိုင်ငံ၊ အာသံ ပြည်နယ် ထဲကို ထွက်ပြေး ခိုလှုံ ခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒါက လူသား တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု လို့ လူ့အခွင့်အရေး သမားတွေက စွပ်စွဲ

အဲဒီ စစ်ပွဲ မတိုင်ခင် အာသံ ပြည်နယ် မှာ ရောက်ရှိ နေထိုင် ခဲ့ကြတဲ့ လူတွေကို အိန္ဒိယ အစိုးရ က နိုင်ငံသား အဖြစ် အသိအမှတ်ပြုထား ပါတယ်။ လက်ရှိ အချိန် အာသံ ပြည်နယ်မှာ စုစုပေါင်း လူဦးရေ သန်း ၃၀ လောက် နေထိုင် နေပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အဖြစ် လွတ်လပ်ရေး ကြေညာခဲ့ပြီးနောက် ပိုင်းမှာ အာသံ ပြည်နယ်ကို ရောက်ရှိ နေခဲ့တဲ့ လူတွေကို နိုင်ငံသား အဖြစ် ရုပ်သိမ်း ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ အနေနဲ့ တရားမဝင် ဝင်ရောက် နေထိုင်တဲ့ အစ္စလာမ် ဘာသာ ဝင်တွေကို တိုင်းပြည်တွင်း က နှင်ထုတ် မယ်ဆိုပြီးတော့လည်း လက်ရှိ အာဏာရ ဟိန္ဒူ အမျိုးသားရေး ပါတီ အဖြစ် လူတွေ သိကြတဲ့ BJP ပါတီရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် နာရန် ဒရာ မိုဒီ က ပြောဆို ထားပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကတော့ လူ ၄ သန်း ကို သူတို့ နိုင်ငံထဲ ပြန်ပို့မယ်ဆိုတဲ့ အိန္ဒိယ ရဲ့ ပြောဆို မှု တွေကို လွယ်လွယ် ကူကူ နဲ့ လက်ခံဖို့တော့ မရှိပါဘူး။

အခု ကိစ္စ က အိန္ဒိယ အနေနဲ့ လူပေါင်း များစွာ ကို နိုင်ငံမဲ့တွေ အဖြစ် ဖန်တီး လိုက်တာ လို့ လေ့လာသူတွေက ဆိုနေပြီး အရှေ့ အာရှ ဒေသ တွင်းမှာ အကြမ်းဖက် မှုတွေ ပေါ်ပေါက် လာနိုင်ကြောင်း သုံးသပ်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းပေါ်က နန်းတော်

ဆက်စပ် အကြောင်းအရာများ