အီရန်နဲ့ ဆွေးနွေးဖို့ ထရမ့်ကမ်းလှမ်းပြီ

ဓာတ်ပုံ မူပိုင် EPA
Image caption အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီ

ခြွင်းချက် တစုံတရာမထားဘဲ အီရန်ခေါင်းဆောင်တွေနဲ့ အချိန်မရွေးတွေ့ဆုံ ဆွေးနွေးဖို့ သူ့ဖက်က အသင့်ဘဲလို့ အမေရိကန် သမ္မတ ထရမ့်က ကမ်းလှမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက အီရန်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ နျူကလီးယား စာချုပ် ကနေ အမေရိကန်နုတ်ထွက်ခဲ့ အပြီး ပြည့်စုံ လေးနက်တဲ့ နောက်စာချုပ်တခုနဲ့ အစားထိုးဖို့ လုပ်ဆောင် သွားချင်တယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။

အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီရဲ့ အကြံပေးတယောက်ကတော့ သူတို့နဲ့ ဆွေးနွေးလိုတယ် ဆိုရင် အမေရိကန် အနေနဲ့ နျူကလီးယား စာချုပ် မှာ ပြန်လည် ပါဝင် သင့်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ထရမ့်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ အီရန် လူငယ်

အခုလ အစောပိုင်းတုန်းကတော့ သူတို့ကိုရန်စလာရင် အမေရိကန်ဟာ စစ်မီးတောက် စမွှေးတဲ့ သူဖြစ်သွားလိမ့်မယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီက သတိပေးခဲ့ပါတယ်။

သမ္မတ ထရမ့်ကလည်း အီရန်ဟာ သမိုင်းမှာ နာမယ်ဆိုး တွင်ရစ်လိမ့်မယ်လို့ တုံ့ ပြန် ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန်နဲ့ တွေ့ဖို့ အမေရိကန် သမ္မတ ထရမ့် ကမ်းလှမ်း

အမေရိကန် သမ္မတ ထရမ့် က အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အီရန် ခေါင်းဆောင် တွေ နဲ့ ကြိုတင် သတ်မှတ် စည်းကမ်းချက်တွေ မပါတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုဖို့ အသင့်ပြင်ပြီးသား ဖြစ်ကြောင်း ထုတ်ဖေါ် ပြောလိုက်ပါတယ်။

အီရန်ဘက်က တွေ့လိုတယ် ဆိုရင် အသင့် ဖြစ်ကြောင်းနဲ့ အီရန်မှာ အခြေအနေ မကောင်းပဲ အခက်အခဲတွေ ရှိနေတဲ့ အတွက် မျက်နှာချင်းဆိုင် တွေ့ဖို့ ကို ပိုလိုလားတယ် လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

အီရန် ကို အမေရိကန် ဘက်က ဒဏ်ခတ် ပိတ်ဆို့မှု အသစ် ချမှတ်ရေး ဟာလည်း သီတင်း တပတ် ကျော်ပဲ လိုပါတော့တယ်။

မစ္စတာထရမ့် အနေနဲ့ လည်း မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နဲ့ တွေ့ဆုံမှု လည်း ပြီးသွားပြီ ဖြစ်တဲ့ အတွက် သူ့အနေနဲ့ အပြုသဘော ဆောင်တဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုဟာ အမေရိကန် ဘက် က အသိအမှတ် ပြုထားတဲ့ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေ ကို ထောက်ခံတဲ့ ခေါင်းဆောင် တွေ ကို သူကိုင်တွယ် နိုင်စွမ်း ရှိတယ် လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာထရမ့် ရဲ့ ကမ်းလှမ်းမှု ကို အီရန် နိုင်ငံခြားရေး ဌာန ကတော့ ဘယ်လိုမျိုး တွေ့ဆုံဆွေးနွေးတဲ့ ပုံစံဖြစ်ပါစေ၊ လက်မခံ နိုင်တဲ့ အကြောင်း၊ အမေရိကန် ဟာ လုံးလုံးလျားလျား ယုံကြည် အားထား လို့ မရတဲ့ အကြောင်းတွေ တုံ့ပြန် ထားပါတယ်။