ဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို လွှဲပေးဖို့ ယူကေအစိုးရကို ထိုင်းတောင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ၂၀၁၇ စက်တင်ဘာလက ထိုင်းတရားရုံးက ထောင်းဒဏ် ၅ နှစ် ချမှတ်ထား

ယူကေနိုင်ငံမှာ နေထိုင်နေတယ်လို့ ယူဆရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးဖို့ ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။

လန်ဒန်မြို့မှာ ရှိတဲ့ ထိုင်း သံရုံးက ဗြိတိန်နိုင်ငံ ခြားရေးနဲ့ ဓန သဟာယ အဖွဲ့ရုံးကို ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က အာဏာ သိမ်းယူပြီး ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ် ကို ဖြုတ်ချ ခဲ့ပါတယ်။

ထိုင်းအစိုးရက ငွေစိုက်ထုတ်ပြီး လယ်သမားတွေဆီက ဆန်စပါး ဝယ်ယူတဲ့ စီမံကိန်းလုပ်ဆောင်ခဲ့မှု အတွက် ၀န်ကြီးချုပ်ဟောင်း ယင်လတ် တရားစွဲဆို ခံခဲ့ရပါတယ်။

အဲဒီ အတွက် ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာငွေ ဒေါ်လာ ဘီလျံနဲ့ချီပြီး ဆုံးရှုံးခဲ့ရ ပါတယ်။

၂၀၁၆ ခုနှစ်က သူ့ကိုတရားရုံးမှာ ကြားနာ စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက အမိန့်ချမှတ်ဖို့ ရှိခဲ့တဲ့နေ့ကတော့ ဝန်ကြီးချုပ်ဟောင်း ယင်လတ် တရားရုံးကို ရောက် မလာခဲ့ပါဘူး။

၂၀၁၇ ခုနှစ် စက်တင်ဘာလ တုန်းက တော့ သူ့မျက်ကွယ်မှာပဲ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

ယင်လတ် ကတော့ သူ့အနေနဲ့ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ကြောင်းနဲ့ ဒီကြားနာ စစ်ဆေးမှုဟာ နိုင်ငံရေးနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ပြောခဲ့ ပါတယ်။

အဲဒီနောက်မှာ သူ့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။ ယင်လတ် ထိုင်းနိုင်ငံကနေ ပြည်ပကို ထွက်ခွာ သွားခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အခု တော့ ထိုင်းအစိုးရက သူ့ကို ထိုင်းနိုင်ငံဆီပြန်လည် လွဲပြောင်းပေးဖို့ သူခိုလှုံနေတဲ့ ဗြိတိန်နိုင်ငံကို တောင်းဆိုလာပါပြီ။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က အာဏာသိမ်းယူပြီး ယင်လတ် အစိုးရကို ဖြုတ်ချခဲ့

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန်အိုချားက ထိုင်းနဲ့ ယူကေ နိုင်ငံကြားမှာ တရားခံ ပြန်လည် လွှဲပြောင်း ပေးရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ အတွက် အခုလို မေတ္တာ ရပ်ခံဖို့ လိုအပ်တယ်လို့ ပြောကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ပြည်ပမှာ နေထိုင်တဲ့သူတွေကို သွားရောက် ဖမ်းဆီးလို့ မရနိုင်ဘူး၊ သူ့ကို ဖမ်းပြီး ထိုင်းနိုင်ငံကို ပြန်ပို့ဖို့ ဆိုတာ ကတော့ သူနေထိုင်တဲ့ နိုင်ငံအပေါ်မှာပဲ မူတည်ပါတယ်လို့ ပြောကြောင်းလည်း ဖော်ပြထားပါတယ်။

၀န်ကြီးချုပ်ဟောင်း ယင်လတ်နဲ့ သူ့လိုပဲ ဖြုတ်ချခံခဲ့ရတဲ့ သူ့အစ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆက် ရှင်နာဝပ်တို့ဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ ကို ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် သြဇာလွှမ်းမိုး နေခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ