ဗီယက်နမ်က အမြင့်ဆုံး မိုးမျှော်တိုက်ကြီး ဖွင့်ပြီ

ဓာတ်ပုံ မူပိုင် VN Express
Image caption ဟိုချီမင်းစီးတီးက Landmark 81 မိုးမျှော် အဆောက်အဦးကြီး

အထပ်ပေါင်း ၈၁ ထပ်ရှိပြီး ပေ ၁၅ဝဝ ကျော် အမြင့်ရှိတဲ့ Landmark 81 မိုးမျှော် အဆောက်အဦကြီးက ဗီယက်နမ်နိုင်ငံ ဟိုချီမင်း စီးတီး မြို့ကိုလာကြတဲ့ ဧည့်သည်တွေ၊ ဒေသခံတွေကို စတင် လက်ခံ ဖျော်ဖြေနိုင်ပြီ ဖြစ်ပါတယ်။

Binh Thanh ရပ်ကွက်မှာ ရှိတဲ့ အဲဒီ ၈၁ ထပ် အဆောက်အဦကြီးကို Vingroup လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပေါင်းစည်းထားတဲ့ ပုဂ္ဂလိက အိမ်နဲ့ မြေရာလုပ်ငန်း ကုမ္ပဏီစုတွေက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

အဲဒီ အဆောက်အဦကြီးထဲမှာ ပြည်တွင်း ပြည်ပထုတ် နာမည်ကျော် အမှတ်တံဆိပ် ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ အပြင် ရေခဲပြင် စကိတ်စီးနိုင်တဲ့ နေရာ အပါအဝင် တခြား ဖျော်ဖြေရေးဆိုင်ရာ အပန်းဖြေစရာ နေရာတွေ၊ နိုင်ငံပေါင်း အတော်များများရဲ့ အစားအစာတွေ ရနိုင်တဲ့ နေရာတွေ ရှိပါတယ်။

အဲဒီ အဆောက်အဦကြီး ဖွင့်ပွဲကိုတော့ Vingroup ကုမ္ပဏီရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် စီစဉ်ကျင်းပတာဖြစ်ပါတယ်။

ပြိုင်ကားတွေ ခင်းကျင်း ပြသမှု၊ ဒေသခံအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု၊ ရေခဲပြင် စကိတ် အလှစီးသူတွေရဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီ မိုးမျှော် အထပ်မြင့် တိုက်ကြီးမှာ ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်ရာမှာ မဲဖောက်ပေးတာတွေ၊ အပန်းဖြေခရီးအတွက် ဘောက်ချာတွေတွေပေးတာ၊ ရေခဲပြင် စကိတ်စီးကွင်းထဲကို လာနိုင်ဖို့ လက်မှတ်တွေ အလကားပေးတာတွေ အပြင် အဝတ်အထည်တွေကို စျေးလျှော့ရောင်းတာတွေလည်း ပါဝင်ပါတယ်။

ဒီအဆောက်အဦကြီးကို ဖွင့်လိုက်ခြင်းအားဖြင့် ဆိုင်ဂုံ လို့ အရင်က ခေါ်တဲ့ ဟိုချီမင်း စီးတီး မြို့ကို ပြည်တွင်း ပြည်ပ ခရီးသွားတွေ ပိုမို လည်ပတ်လာကြလိမ့်မယ်လို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။

အခုနှစ် ပထမ နှစ်ဝက်မှာ ပြည်ပ ခရီးသည် ၃ ဒသမ ၈၃ သန်း ဟိုချီမင်း စီးတီးကို လာလည်ခဲ့ကြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၂၆ ဒသမ ၅ ရာခိုင်နှုန်း ပိုများတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြည်ပ ဧည့်သည် ၁၀ ဒသမ ၂ သန်း လာဖို့ မျှော်လင့်ထားကြပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က ကိန်းဂဏန်း ဖြစ်တဲ့ ၅ ဒသမ ၅ သန်းထက် နှစ်ဆ ဖြစ်ပါတယ်။

ဒီအဆောက်အဦးကြီးဟာ အရှေ့တောင်အာရှ ဒေသ တစ်ခုလုံးမှာ အမြင့်ဆုံး အထပ်မြင့် အဆောက်အဦးကြီး ဖြစ်လိမ့်မယ်လို့ ယုံကြည်ရကြောင်း ဘီဘီစီ ဗီယက်နမ် ဌာနက ပြောပါတယ်။