မက္ကဆီကိုနိုင်ငံမှာ ခရီးသည်တင်လေယာဉ်ပျက်ကျ

ခရီးသည်တင်လေယာဉ်ပျက်ကျ

ဓာတ်ပုံ ရင်းမြစ်, PROTECCIÓN CIVIL DURANGO/TWITTER

ဓာတ်ပုံ ပုံစာ,

ခရီးသည်တင်လေယာဉ်ပျက်ကျ

မက္ကဆီကိုနိုင်ငံ ဒူရမ်ဂိုမြို့က နိုင်ငံတကာလေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး လေယာဉ်ကွင်းကနေ ထွက်ခွာပြီး မိနစ်ပိုင်းမှာပဲ ပျက်ကျခဲ့ပါတယ်။

လေယာဉ်ပျက်ကျခဲ့ပေမယ့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၁၀၁ ယောက်မှာ ၈၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒူရမ်ဂိုမြို့ရဲ့ မြို့တော်ဝန်က သူရဲ့တွတ်စ်တာမှာ ရေးသားထားပါတယ်။ ၂ ယောက်ကတော့ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လေယာဉ်ပျက်ကျရာမှာ သေဆုံးသူ မရှိဘူးလို့ မြို့တော်ဝန်က ဆိုပါတယ်။

AM2431 လေယာဉ်ဟာ ဒူရမ်ဂိုမြို့ရဲ့ ဂွါတာလူပီ ဗစ်တိုးရီးယား နိုင်ငံတကာလေဆိပ်ကနေ မက္ကဆီကိုစီတီးမြို့ကို ပျံသန်းပြေးဆွဲတဲ့ လေယာဉ်ဖြစ်ပါတယ်။

ခရီးသည်တင်လေယာဉ်ပျက်ကျ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ခရီးသည်တင်လေယာဉ်ပျက်ကျ

လေယာဉ်ဟာ လေဆိပ်နားမှာပဲ ပျက်ကြခဲ့တာ ဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၉၇ ယောက် လေယာဉ်အမှုထမ်း ၄ ယောက် လိုက်ပါလာတာဖြစ်ပြီး ၃၇ ယောက်ကိုတော့ ဆေးရုံတင်ဆောင်ထားပါတယ်။

လေယာဉ်ပျက်ကျရာမှာ လိုက်ပါလာတဲ့ ခရီးသည်တွေရဲ့ နာမည်နဲ့ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

လေဆိပ်အော်ပရေတာတွေရဲ့ မှတ်တမ်းတွေအရ ရာသီဥတုဆိုးရွားကြားက ထွက်ခွာခဲ့ပြီးနောက် အရေးပေါ် ပြန်လည်ဆင်းသက်ရာမှ ပျက်ကျတာလို့ ဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျချိန်မှာ မီးလောင်မှုဖြစ်ခဲ့ပေမယ့် အချိန်မီငြိမ်းသတ်နိုင်ခဲ့လို့ မီးလောင်ဒဏ်ရာရရှိသူ မရှိဘူးလို့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

လေယာဉ်ပျက်မှုဖြစ်ပွားခဲ့အပြီးမှာ ဂွါတာလူပီ ဗစ်တိုးရီးယား နိုင်ငံတကာလေဆိပ်ကို ပိတ်ထားလိုက်ပါတယ်။