ဆိုးလ်မြို့ရဲ့ စံချိန်တင် အပူဒဏ်ကို ရေခဲစွပ်ကျယ်၊ စွပ်ပြုတ်ပူတွေနဲ့ ကာကွယ်

ဓာတ်ပုံ မူပိုင် EPA
Image caption လက်ကိုင် ပန်ကာလေးတွေကို သွားလေရာ သယ်သွားနေကြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုက် အထိ စံချိန်တင်ခဲ့ပါတယ်။

အပူလှိုင်း ဒဏ်ကြောင့် လူ ၃၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပြီး လူနှစ်ထောင့် နှစ်ရာကျော်လောက် အပူဒဏ် ဆိုင်ရာ ဝေဒနာတွေ ခံစားနေရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ အပူဒဏ် သက်သာအောင် တချို့က ရေကန်ထဲဆင်း၊ ရေပန်း အောက်ထဲ ဝင်နေကြသူတွေ ရှိသလို လက်ကိုင် ပန်ကာကလည်း လူကြိုက်အများဆုံးထဲမှာ တခု ပါပါတယ်။

ရှာရှာကြံကြံ လုပ်သူတွေကတော့ ရေခဲ စွပ်ကျယ်လို့ ခေါ်ရမယ့် ရေခဲတုံးတွေ ထည့်ချုပ်ထားတဲ့ စွပ်ကျယ်တွေ ဝတ်ကြသလို လည်ပင်းတပ် ပန်ကာလေးတွေကို သွားလေရာ သယ်သွားသူတွေလည်း ရှိပါတယ်။

အတော်များများကတော့ အများသုံး ရေကူးကန်တွေ၊ ကမ်းခြေတွေ သွားပြီး အပူဒဏ် သက်သာရာ ရှာကြပါတယ်။

ဆိုးလ်မြို့ တဝိုက်မှာတော့ နေရာတိုင်းလိုလိုမှာ ရေပန်းတွေ ဖျန်းပေးထားပါတယ်။

တခါ တခြားလူတွေအတွက် ထူးဆန်းကောင်း ထူးဆန်းနေမှာ ဖြစ်ပေမယ့် တောင်ကိုရီးယား တွေကို ဒီလို အပူဆုံး အချိန်အခါမျိုးမှာ ပွက်ပွက်ဆူနေတဲ့ ကြက်သား ဂျင်ဆင်း စွပ်ပြုတ်ရည်ဆိုင်မှာ တန်းစီ တိုးခွေ့နေတာ တွေ့ရမှာပါ။

ဆမ်ဂျီတန် လို့ ခေါ်တဲ့ ဒီစွပ်ပြုတ်ရည်ကို ခံနိုင်ရည် ပိုကောင်းအောင် သောက်ကြတာ ဖြစ်ပြီး စွပ်ပြုတ်ဆိုင် ပိုင်ရှင်တယောက်က အပူကို အပူနဲ့ တိုက်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် နီးပါး မြင့်တက်ခဲ့တဲ့ အိမ်နီးချင်း မြောက်ကိုရီးယားမှာတော့ လေအေးပေးစက်တွေ မရှိတဲ့အတွက် ရေလှောင်ကန်တွေ၊ မြစ်ဝှမ်းတွေ၊ မြစ်ချောင်းတွေနား သွားနေကြရပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စွပ်ပြုတ်ရည် အပူသောက်ကြသလို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာလည်း အပူကို အပူနဲ့ တိုက်ဖို့ ခွေးသား စွပ်ပြုတ်ရည် က လူကြိုက်များ နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အပူကို အပူနဲ့တိုက်ဖို့ ပွက်ပွက်ဆူနေတဲ့ ကြက်သား ဂျင်ဆန်း စွပ်ပြုတ်ရည်ကို သောက်သူတွေ များ

တောင်ကိုရီးယားနိုင်ငံမှာ ရာသီဥတု ပူပြင်းမှုက ဒီတပတ်လုံး ဆက်ဖြစ်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအပူလှိုင်းဒဏ်ကို သဘာဝ ဘေးအန္တရာယ် တမျိုးအဖြစ် သတ်မှတ် ကြေညာဖို့ သမ္မတ မွန် ဂျေအင်းက အဆိုပြုထားပြီး ဒီလို သတ်မှတ်လိုက်ရင်ဖြင့် အပူဒဏ် ခံစားရသူတွေအနေနဲ့ လျော်ကြေး တောင်းခံနိုင်ခွင့် ရမှာပါ။

အပူဒဏ် ပြဿနာကို ဆိုးလ်မြို့တော်နဲ့ ပြည်နယ်တွေမှာ ဖြေရှင်းဖို့ တောင်ကိုရီးယား အစိုးရက ကိုရီးယား ၀မ် ၆ ဘီလျံလောက် အရံ ထားထားပါတယ်။

ဆိုးလ်မြို့တော်ဝန် ပတ် ဝန်ဆွန်း ကဆိုရင် သာမန် ပြည်သူတွေ အပူဒဏ်ကို ဘယ်လို ခံစားနေရသလဲ ဆိုတာ သဘောပေါက် နားလည်ဖို့နဲ့ စာနာ သနားကြောင်း ပြတဲ့အနေနဲ့ သူ့ရဲ့ ကျယ်ဝန်းတဲ့ အစိုးရအိမ်ကြီးကနေ ဝင်ငွေနည်းတဲ့ လခစားတွေ နေတဲ့ တိုက်ခန်းသေးလေးမှာ လာနေပြတဲ့အတွက် လူတွေ အံ့သြတကြီး ဖြစ်သွားခဲ့ရပါတယ်။

ဒါဟာ နိုင်ငံရေး စတန့်ထွင်တာလို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။