ဇင်ဘာဘွေ ရွေးကောက်ပွဲအပြီး တည်ငြိမ်မှုရှိရေး နိုင်ငံတကာ တိုက်တွန်း

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တပ်က ဖြိုခွင်း

တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲအပြီး အစိုးရရဲ့ ဖြိုခွင်းမှုတွေကြောင့် တည်ငြိမ်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့တဲ့နောက်မှာတော့ ကုလသမဂ္ဂအပါအဝင် ယခင်က ဇင်ဘာဘွေကို ကိုလိုနီလက်အောက်ခံအဖြစ် အုပ်ချုပ်ခဲ့ဖူးတဲ့ ဗြိတိန်တို့ကပါ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။

ပါလီမန်ရွေးကောက်ပွဲ ရလဒ်အရတော့ အာဏာရ ဇနုပီအက်ဖ် ပါတီဟာ ရောဘတ်မူဂါဘီ အာဏာစွန့်ခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။

အတိုက်အခံပါတီတွေကတော့ ဇနုပီအက်ဖ် ပါတီဟာ ရွေးကောက်ပွဲ ရလဒ်အတွက် ကြိုတင် အကွက်ဆင် ဖန်တီးမှု တွေ လုပ်ခဲ့တယ်လို့ ပြောဆိုနေကြတာပါ။ သမ္မတရွေးကောက်ပွဲ ရလဒ်ကိုတော့ အခုထိ တရားဝင် ကြေညာတာ မရှိသေးပါဘူး။ အတိုက်အခံပါတီ ဖြစ်တဲ့ MDC ကတော့ သူတို့ရဲ့ သမ္မတလောင်းဖြစ်တဲ့ နယလ်ဆင်ချာမင်ဆာက လက်ရှိသမ္မတ အီမာဆင် မဂ္ဂဂွာနာကို အနိုင်ရရှိတယ်လို့ အခိုင်အမာ ပြောဆိုနေကြတာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးဝန်ကြီး ဘော်ဒွင်က ဇင်ဘာဘွေ တိုက်ခိုက်ဖြိုခွင်းမှု ဖြစ်ရပ်တွေအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း ပြောဆိုနေချိန်မှာပဲ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကတော့ ဇင်ဘာဘွေ နိုင်ငံရေးသမားတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သည်းခံ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ကလည်း ထိန်းထိန်းသိမ်းသိမ်းညှိနှိုင်းဆောင်ရွက်ပြီး သမိုင်းဝင် အခိုက်အတန့်ဖြစ်တဲ့ အနာဂတ်အတွက် အခွင့်အရေးတွေ အမိအရ ဆုပ်ကိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်အသုံးပြုပြီး ဖြိုခွဲတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်မရအောင် ဟန့်တားမှု ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ဇနူ့ပီအက်ဖ် ပါတီဟာ မဲဆန္ဒရှင် အရေအတွက် စုစုပေါင်း ၃ ပုံ ၂ ပုံလောက်ရဲ့ မဲကို ရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ချက်ခြင်းဆိုသလိုပဲ ဇင်ဘာဘွေ မြို့တော် ဟာရာရာမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

Image caption မဲရုံမှာ မဲလာထည့်သူတွေ

ဇင်ဘာဘွေ ပြည်ထဲရေးဝန်ကြီးကတော့ အစိုးရအနေနဲ့ ဆန္ဒပြပွဲတွေကို သည်းခံမှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့ပါတယ်။

အတိုက်အခံတွေဟာ ကျွန်တော်တို့ ဘယ်လို ဖြေရှင်းမလဲဆိုတာ စမ်းသပ်နေကြပြီး ကျွန်တော့ အမြင်ပြောရရင် သူတို့ဟာ အကြီးမားဆုံး အမှားကို ကျူးလွန်တာပါပဲ လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် ချာမီဆာရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ စစ်သားတွေ နေရာချထားခဲ့မှုနဲ့ နောက်ဆက်တွဲအဖြစ် လူတွေသေဆုံးခဲ့ရမှုအပေါ် ဝေဖန်ခဲ့ပါတယ်။

ကျွန်တော်တို့ ဒီကနေ့ မြင်တွေ့နေရတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ဘယ်လိုပဲ ဖြစ်ဖြစ် အရှင်းသား မြင်တွေ့နေရပါတယ် စစ်ပွဲမှာ တိုက်ခိုက်ဖို့အတွက် လေ့ကျင့်ထားတဲ့ စစ်သားတွေကို အခုလို အသုံးပြုတာဟာ ဘာကြောင့်ပါလဲ ပြည်သူတွေက နိုင်ငံတော်ရဲ့ ရန်သူလားဆိုပြီး သူက မေးခွန်းထုတ်ပါတယ်။

အာဖရိကန် သမဂ္ဂကတော့ ရွေးကောက်ပွဲဟာ နိုင်ငလိုစိတ် ပြင်းပြစွာ ယှဉ်ပြိုင်ခဲ့ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ အနေအထာမျိုးနဲ့ ကျင်းပခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။ လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းကတော့ အစိုးရအနေနဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ နောက်ဆက်တွဲ အနေနဲ့

အတိုက်အခံပါတီ စွပ်စွဲနေသလို ခြိမ်းခြောက်မှုတွေ ရှိခဲ့သလား ၊ မဲဝယ်ယူမှုတွေ ရှိခဲ့သလား ဆိုတာကတော့ အတည်ပြုချက် မရခဲ့ဘူးလို့ ဖြည့်စွက်ဖော်ပြထားတာပါ။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူအဖြစ် ရှိနေခဲ့တဲ့ တောင်အာဖရိကန် ဖွံ့ဖြိုးတိုးတက်ရေး လူမှု့အဖွဲ့အစည်း Sadc ရဲ့ ကနဦး ထုတ်ပြန်ချက်မှာတော့ ရွေးကောက်ပွဲဟာ နေရာတော်တော်များများမှာ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

အီးယူနဲ့ အမေရိကန်က ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း ကျင်းပခဲ့တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပေးခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

Image caption ပါတီတွေရဲ့ နိုင်ရရှိမှု မဲဆန္ဒနယ်ပြဇယား

ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကနဦး ထုတ်ပြန်ချက်အရတော့ ဇနု ပီအက်ဖ်ပါတီဟာ မဲဆန္ဒနယ် ၁၄၀ လောက် အနိုင်ရထားပြီး အတိုက်အခံ MDC မဟာမိတ်အဖွဲ့ဘက်ကတော့ ၅၈ နေရာ အနိုင်ရထားတယ်လို့ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြထားပါတယ်။ အမျိုးသားလွှတ်တော်အတွက် စုစုပေါင်း မဲဆန္ဒနယ် ၂၁၀ ရှိနေတာလည်း ဖြစ်ပါတယ်။ လူဦးရေ ၅ သန်းလောက်ဟာ မဲပေးဖို့ စာရင်းပေးသွင်းခဲ့ကြပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းဟာ မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲ ရလဒ်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပေမယ့် ပါလီမန်ရွေးကောက်ပွဲ ရလဒ်တွေကတော့ ထုတ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။

သမ္မတအဖြစ် ရွေးချယ်ခံရဖို့အတွက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဒုတိယအကျော့ကို လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ