Apple ကုမ္ပဏီ ဘီလီယံ တထောင်တန်ပြီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုမ္ပဏီစထောင်တဲ့ ၁၉၈၀ တုန်းက ရှယ်ယာ တန်ဖိုးနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ လက်ရှိတန်ဖိုးဟာ ရာခိုင်နှုန်း ငါးသောင်းလောက်တောင် တက်လာ

အက်ပဲ ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ဘီလီယံ တထောင်ဖြစ်တဲ့ တစ် ထရီလီယံ တန်ကြေးပေါက်တဲ့ ပထမဆုံး အမေရိကန် ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

အက်ပဲ ရှယ်ယာတခုကို အမေရိကန် ဒေါ်လာ ၂၀၇ ဒေါ်လာ အထိလည်း ဈေးပေါက်သွားခဲ့ပါတယ်။

ဒီလို ဒေါ်လာ တစ် ထရီလီယံ တန်ဖိုး ဖြစ်လာနိုင်ချေ ရှိတဲ့ အမေဇွန် နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတို့ကို ကျော်ဖြတ်ပြီး အက်ပဲက အခုလို ပထမဆုံး တစ် ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က စတင်ခဲ့တဲ့ အက်ပဲ ကုမ္ပဏီဟာ အနှစ် ၂၀ လောက် အရောက်မှာ သူ့ရဲ့ ကွန်ပြူတာတွေ လူကြိုက်နည်းလာပြီး ဒေဝါလီ ခံရမယ့် အခြေအနေ အထိ ဖြစ်ခဲ့ပေမယ့် ၂၀ဝ၁ ခုနှစ်မှာ စထုတ်ခဲ့တဲ့ အိုင်ပေါ့နဲ့အတူ အမြတ်တွေ ပြန်ရလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒေဝါလီ ခံရမယ့် အခြေအနေ အထိ ဖြစ်ခဲ့ပေမယ့် ၂၀ဝ၁ ခုနှစ်မှာ စထုတ်ခဲ့တဲ့ အိုင်ပေါ့နဲ့အတူ အမြတ်တွေ ပြန်ရလာတာ

အက်ပဲ ကုမ္ပဏီ ထူထောင်သူ စတိဗ် ဂျော့ဟာ ၁၉၇၆ မှာ သူ့ အိမ်က ဂိုထောင်အတွင်း မက် ကွန်ပြူတာ ပထမဆုံး ပုံစံထုတ်ပြီး နောက်ပိုင်း ကုမ္ပဏီ ထောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အက်ပဲ အမှုဆောင် အရာရှိချုပ် စတိဗ် ဂျော့ ကွယ်လွန်ပြီးနောက်ပိုင်း ၂၀၁၁ မှာ မစ္စတာ တင်မ် ကွတ် က တာဝန်ယူခဲ့တဲ့ အချိန်ကထက် ရာခိုင်နှုန်း ၂၀ဝ၀ အထိ ရှယ်ယာ တန်ဖိုးတက်လာတာ ဖြစ်ပါတယ်။

ကုမ္ပဏီစထောင်တဲ့ ၁၉၈၀ တုန်းက ရှယ်ယာ တန်ဖိုးနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ လက်ရှိတန်ဖိုးဟာ ရာခိုင်နှုန်း ငါးသောင်းလောက်တောင် တက်လာတဲ့ တန်ဖိုးလည်း ဖြစ်နေပါတယ်။

အခုလို တစ် ထရီလီယံ အထိ တန်ကြေးရှိလာပေမယ့် အမေဇွန်နဲ့ မိုက်ခရိုဆော့ဖ်တို့ရဲ့ ရှယ်ယာတွေလောက် ဈေးကွက်အတွင်း အမြတ်ရတဲ့ကုန်သွယ်မှု အကြိမ်ရေ မများသေးဘူးလို့လည်း လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

Image caption ၁၉၈၄ မှာ ပထမဆုံး စထုတ်ခဲ့တဲ့ မက်ကင်တော့ရှ် ကွန်ပြူတာ

ဒါ့အပြင် အက်ပဲက သူတို့ရောင်းထားတဲ့ ရှယ်ယာတွေ ပြန်ဝယ်ဖို့အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀ဝ လျာထားဖို့ ဆုံးဖြတ်ထားတာကြောင့်လည်း အခုလို ရှယ်ယာ တန်ဖိုး တက်လာတာလို့ ဆိုပါတယ်။

ဒါပေမယ့် အက်ပဲ ကုမ္ပဏီဟာ အမြတ်ရရှိမှုကို ထုတ်ကုန်ပစ္စည်း ရောင်းတာ တခုတည်းကနေပဲ အားမထားတော့ပဲ အက်ပ်တွေ ရောင်းတာ၊ သုံးသူတွေအတွက် အွန်လိုင်းမှာ အချက်အလက် သိုလှောင်ခ ကောက်တာနဲ့ တေးသီချင်းဖွင့်ခွင့် ဝန်ဆောင်မှု ပေးတာတွေကနေ သုံးလကို ၁၀ ဘီလီယံ ရတဲ့အထိ အမြတ်ယူနိုင် လာတယ်လို့လည်း တချို့က ထောက်ပြကြပါတယ်။

ဒါပေမယ့် ကြီးထွားလာတဲ့ တရုတ် ကုမ္ပဏီတွေရဲ့ စမာ့ဖုန်း ဈေးကွက်ကလည်း အက်ပဲ ရရှိထားတဲ့ ဈေးကွက်ကို ခွဲယူနိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကူးလ်တက်