ဆွစ်ဇာလန်မှာ အပူလှိုင်းဖြတ်နေလို့ ခွေးတွေ ရှူးဖိနပ်စီးသင့်တယ်လို့ဆို

A Zurich City Police dog in booties ဓာတ်ပုံ မူပိုင် Stadtpolizei Zürich
Image caption ဇူးရစ်က အပူဒဏ်ခံဖို့ ဘွတ်ဖိနပ်စီးတဲ့ ရဲခွေးတွေ

ဆွစ်ဇာလန် နိုင်ငံ ကို ရေခဲတောင်တွေ ပေါတဲ့ နိုင်ငံလို့ သိကြပါတယ်။

အခု အဲဒီမှာ မကြုံစဖူး အပူလှိုင်းဖြတ်နေလို့ ဇူးရစ်မြို့က ခွေးပိုင်ရှင်တွေ သူတို့ခွေးတွေအတွက် ရှူးဖိနပ်ကလေးတွေ ဝယ်ပေးကြဖို့ ရဲက သတိပေးနေရပါတယ်။

ဒါမှ အပူချိန် မြင့်တဲ့အချိန်မှာ သူတို့ ခြေဖဝါးတွေကို အပူဒဏ်က ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဇူးရစ်ရဲက ခွေးပူ လှုပ်ရှားမှု ဆိုပြီး စည်းရုံး လှုံ့ဆော်နေတာ ဖြစ်ပါတယ်။

ခွေးတွေ လမ်းဘေး စင်္ကြံမှာ လျှောက်ရင် အပူဒဏ် မခံရအောင် သူတို့ ခြေဖဝါးတွေကို ကာကွယ်ပေးဖို့ ရဲက ခွေးပိုင်ရှင်တွေကို အသိပညာပေးနေတာ ဖြစ်ပါတယ်။

ဥရောပ တလွှား အပူလှိုင်းကြီး ဖြတ်တာ ကြာနေပါပြီ။ ဒါကြောင့် ဆွစ်ဇာလန်မှာ နှစ်ပေါင်း ၁၅ဝ ကျော်အတွင်း အပူပြင်းဆုံး နွေရာသီကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဇူလိုင်လဆန်းက အပူချိန် ၃ဝ ဒီဂရီထိ တက်သွားတာတွေ ရှိခဲ့ပြီး နိုင်ငံ တချို့နေရာတွေမှာ ရေခမ်းခြောက်တာတွေ ဖြစ်ခဲ့ပါတယ်။

၃ဝ ဒီဂရီကို မြေပြင်မှာ ၅ဝ က ၅၅ ဒီဂရီလောက်ထိ ခံစားနိုင်ပြီး ခွေးလို သတ္တဝါတွေအတွက် မသက်မသာ ခံရစေတယ်လို့ ဇူးရစ်ရဲဘက်က ဆိုပါတယ်။

ခွေးတွေမှာလည်း လူတွေလိုပဲ ကတ္တရာလမ်းမှာ ခြေဖဝါး အပူလောင်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အပြင်ထွက်တဲ့အခါ လမ်းက သိပ်ပူနေသလား စစ်ဖို့ ခွေးရှင်တွေကို ရဲက အကြံပေးပါတယ်။

နောက်ပြီး ခွေးတွေကို ကားထဲမှာ မထားခဲ့ဖို့လည်း သတိပေးကြပါတယ်။ ခွေးတွေကို ရေအများကြီး တိုက်ပါလို့လည်း ဆိုပါတယ်။

သိပ်ပူနေတယ် ဆိုရင် ကတ္တရာလမ်းပေါ် မလှောက်ပါနဲ့၊ ခွေးကို ဘွတ်ဖိနပ် စီးပေးပါ၊ ခွေးကလေးတွေဆိုရင် ချီသွားပါလို့ ရဲ ဖေ့စ်ဘွတ်မှာ ရေးပါတယ်။

ဒီလို တိုက်တွန်းတာကို အင်တာနက်ပေါ်မှာ လူတွေက ချီးကျူးနေကြပါတယ်။

ဓာတ်ပုံ မူပိုင် Stadtpolizei Zürich
Image caption ခွေးတွေကို ရေအများကြီးတိုက်ဖို့၊ ကားထဲ ပိတ်မထားဖို့ ပိုင်ရှင်တွေကို သတိပေးနေ