ချီလီမှာ ပလတ်စတစ်အိတ်ကို ဥပဒေနဲ့ တားမြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိအချိန်မှာ ဈေးဝယ်သူတဦးကို အများဆုံး ပလတ်စတစ်အိတ် ၂ လုံးအထိပဲ အသုံးပြုခွင့် ပေးမှာ ဖြစ်ပါတယ်။

ချီလီနိုင်ငံမှာ ဈေးဝယ် ပလတ်စတစ်အိတ်တွေကို အသုံးပြုခွင့် ပိတ်လိုက်တာကြောင့် ပလတ်စတစ်အိတ် အသုံးပြုတာကို ပထမဆုံး ပိတ်လိုက်တဲ့ တောင်အမေရိကနိုင်ငံ တခု ဖြစ်လာပါတယ်။

ချီလီလွှတ်တော်နဲ့ သမ္မတ Sebastián Piñeraတို့ အတည်ပြုလိုက်တဲ့ ဥပဒေသစ်က ပလတ်စတစ်အိတ် အသုံးပြုတာကို လုံးဝအဆုံးသတ်ဖို့အထိ အပြောင်းအလဲ လုပ်ဖို့ ဆိုင်ငယ်လေးတွေကို ၂ နှစ် အချိန်ပေးထားပေမယ့် ဆိုင်ကြီးတွေကိုတော့ ၆ လ အတွင်း ပလတ်စတစ်အိတ် အသုံးပြုတာကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဈေးဝယ်သူတဦးကို အများဆုံး ပလတ်စတစ်အိတ် ၂ လုံးအထိပဲ အသုံးပြုခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကို ချိုးဖောက်ရင် ဒဏ်ငွေ ဒေါ်လာ ၃၇၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက သန့်ရှင်းတဲ့ ချီလီနိုင်ငံ ဖြစ်ဖို့ ခြေလှမ်းတရပ်ဖြစ်သလို ပစ္စည်းတွေကို အသုံးပြုပြီး စွန့်ပစ်ရမယ် ဆိုတဲ့ အလေ့အထကနေ ပြန်လည် အသုံးပြု လို့ရတယ်ဆိုတဲ့ ယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲ လိုက်တာလို့ ချီလီ သမ္မတ မစ္စတာ Piñeraက ပြောပါတယ်။

ပလတ်စတစ်အိတ် အသုံးပြုတာကို တားမြစ်ဖို့ ဥပဒေကို အရင်ချီလီ သမ္မတဟောင်း Michelle Bachelet က အဆိုပြု ခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်း မစ္စ Bachelet ဟာ ချီလီနိုင်ငံ Patagonia ဒေသမှာ ပလတ်စတစ်အသုံးပြုတာကို တားမြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပလတ်စတစ်အိတ်ကြောင့် ဖြစ်လာတဲ့ ညစ်ညမ်းမှုက ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ သတ္တဝါနဲ့ အပင်တွေကို ခြိမ်းခြောက်နေ

တခြားသော နိုင်ငံတွေကလည်း ပလတ်စတစ် အသုံးပြုတာကို လျော့ချဖို့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

ပနားမားနိုင်ငံမှာ ဇန်နဝါရီလက ပလတ်စတစ်အိတ် အသုံးပြုတာကို တားမြစ်ဖို့ ဥပဒေကို အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေအရ နိုင်ငံမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေက ၂၄ လ အချိန်ယူပြီး ပလတ်စတစ် အသုံးပြုတာကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ ဈေးဝယ်ဆင်တာမှာ ပစ္စည်းဝယ်ရင် ဈေးဝယ်သူတွေကို ပလတ်စတစ် အိတ်ကို အခမဲ့ မပေးဘဲ ၅ ပဲနိ (မြန်မာကျပ်ငွေ ၉၀ ခန့်) ကောက်ခံပါတယ်။

ပလတ်စတစ်အိတ်ကြောင့် ဖြစ်လာတဲ့ ညစ်ညမ်းမှုက ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ သတ္တဝါနဲ့ အပင်တွေကို အန္တရာယ်ပြုလာနေသလို လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှုတွေရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။