အင်ဒို ငလျင် သေဆုံးသူ ၁၀ဝ နီးပါးရှိလာ

ငလျင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အဆောက်အအုံ အများအပြားက အရည်အသွေး မမီတဲ့အတွက် ငလျင်အတွင်း ပြိုကျခဲ့

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ ပြင်းအား ရစ်တာစကေး ၆.၉ ရှိတဲ့ ငလျင် မနေ့က လှုပ်ခဲ့လို့ သေဆုံးသူ အနည်းဆုံး ၉၈ ဦး အထိရှိလာပြီဖြစ်သလို ဒဏ်ရာ ရသူကလည်း ၂၃၆ ဦး ရှိပါတယ်။

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောခွင့်ရ Sutopo Purwo Nugrohoက ငလျင်ကြောင့် သေဆုံးတဲ့သူ စာရင်း ပိုမြင့်လာနိုင်သလို Lombok ကျွန်း မြောက်ပိုင်းမှာ အပျက်အစီး ပိုများတယ်လို့ ပြောပါတယ်။

ဒါ့အပြင် Lombok ကျွန်းပေါ်က ဒေသခံ သောင်းချီပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်း နေရတယ်လို့ ဆိုပါတယ်။

ကျွန်းပေါ်က တချို့နေရာတွေမှာ ကြီးမားတဲ့ အဆောက်အအုံတွေ ပြိုကျခဲ့ရာမှာ လေးလံတဲ့ ပစ္စည်းတွေကို မ တင်နိုင်တဲ့ ကရိန်းလို အထောက်အကူပြု ပစ္စည်းတွေ မရှိတာကြောင့် ထိခိုက်တဲ့သူတွေကို ကယ်ဆယ်ရာမှာ အခက်အခဲတွေ ကြုံရတယ်လို့လည်း မစ္စတာ Sutopo Purwo Nugrohoက ပြောပါတယ်။

အိမ်ပြန်ဖို့ ထိတ်လန့်နေတဲ့ ဒေသခံတွေကို ခိုလှုံစရာတွေ ပေးဖို့ ဦးစားပေး လုပ်ဆောင်ဖို့ လိုတယ်လို့ အကူအညီပေးတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ လူနာတွေကို လမ်းပေါ်ကို ရွှေ့ပြောင်းခဲ့ရ

Lombokကျွန်း အနီးမှာ ဇူလိုင် ၂၉ ရက်က ပြင်းအား ၆.၄ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီးနောက် ၁၀ ရက်အတွင်း ဒီကျွန်းရဲ့ မြောက်ပိုင်းကို ဗဟိုပြုပြီး အားပြင်းတဲ့ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

၁၀ ရက်အတွင်းမှာ ပြင်းထန်တဲ့ ငလျင်နောက်တခု အခုလို ထပ်လှုပ်ခဲ့တာကြောင့် ဒေသခံတွေရော ခရီးသွားတွေပါ အတော်ကို တုန်လှုပ်သွားခဲ့ကြပါတယ်။ အခုလှုပ်ခဲ့တဲ့ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေက အရင် ငလျင်ထက် ပိုကြီးတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက Lombokကျွန်းပေါ်ကနေ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကို ဘေးလွတ်ရာ အမြန်ဆုံး ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ထားသလို ငလျင်ဒဏ် အများဆုံး ခံရတဲ့ ကျွန်းပေါ်ကို လေကြောင်း ခရီးစဉ်တွေ တိုးချဲ့ ပျံသန်းဖို့လည်း ညွှန်ကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ထိခိုက်ပျက်စီးမှုတွေက အရင် ငလျင်ထက် ပိုကြီး

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒီငလျင်ဟာ Lombokကျွန်းအနီး မြေအောက် ၁၈ မိုင်အကွာမှာ ဗဟိုပြုပြီး လှုပ်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

ငလျင်ကြောင့် လမ်းတွေ တံတားတွေလည်း ပျက်စီးခဲ့ပြီး တချို့နေရာတွေကို သွားဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။

ငလျင်လှုပ်ပြီး နာရီအနည်းငယ်အကြာ ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ရုပ်သိမ်း လိုက်ပါ တယ်။ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် နိုင်ငံခြားသား ခရီးသွား ၁၀ဝ၀ လောက်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေး ထားတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီတာဝန်ရှိသူတဦးက Lombok ကျွန်းမှာရှိတဲ့ Mataramမြို့က အဆောက်အအုံ တော်တော်များများဟာ ခိုင်ခံ့မှုမရှိတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ ဆောက်ထားလို့ အပျက်အစီးတွေ များတယ်လို့ ပြောပါတယ်။

ဒါအပြင် အရင်ရက်ပိုင်း ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တချို့ အဆောက် အအုံတွေ ထိခိုက် ယိုင်နဲ့နေခဲ့ရာက အခုတခါ အားပြင်းတဲ့ ငလျင် ထပ်လှုပ် တာကြောင့် ဒီအဆောက် အအုံတွေ ပြိုကျခဲ့ပြီး အပျက်အစီး ထိခိုက်မှုများခဲ့တာလို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

Lombokကျွန်းပေါ်က ရွာတရွာမှာနေထိုင်တဲ့ Jodie Epperဆိုတဲ့ အမျိုးသမီးက သူ့အမျိုးသားနဲ့ ကလေးကို အိပ်ရာပေါ် သိပ်နေတဲ့ အချိန် မြေကြီးက သိမ့်သိမ့်တုန် သွားလို့ အိမ်အပြင် ပန်းခြံထဲကို ပြေးထွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါအပြင် အော်ဟစ်သံတွေ၊ နံရံ၊ ခေါင်းမိုးနဲ့ အိမ်ပြိုကျတဲ့ အသံတွေကို ကြားနေရ တယ်လို့ ပြောပါတယ်။

Lombokကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အနီးမှာရှိတဲ့ ဘာလီနဲ့ အနောက် မြောက်ဘက်မှာ ရှိတဲ့ Gili ကျွန်းတွေ ကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CSEM/EMSC

ဓာတ်ပုံ ပုံစာ,

ငလျင်လှုပ်ခတ်ခဲ့တဲ့ Lombok ကျွန်း

ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ Lombokကျွန်းဟာ ဘာလီကျွန်းရဲ့ အရှေ့ဘက်မှာ ရှိပြီး အကြမ်းဖျဉ်း အားဖြင့် စတုရန်းမိုင် ၁၇၀ဝ လောက် ကျယ်သလို အနီးမှာရှိတဲ့ ဘာလီ ကျွန်းထက် အနည်းငယ် ကြီးပါတယ်။

Lombokကျွန်းမှာ လူ ၃ သန်းနဲ့ ဘာလီကျွန်းမှာ လူ ၄ သန်းနေထိုင်ကြသလို နှစ်စဉ် သန်းနဲ့ချီတဲ့ ကမ္ဘာတဝန်းက ခရီးသွားတွေက ဒီကျွန်းကို လာရောက်လည်ပတ်လေ့ ရှိပါတယ်။

ဘာလီကျွန်းပေါ်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ လူတွေ အော်ဟစ်ပြီး နေအိမ် တွေကနေ ထွက်ပြေးနေတာကို တွေ့ရပါတယ်။ ဒါအပြင် ကျွန်းပေါ်က Denpasar ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ လူနာတွေကို လမ်းပေါ်ကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MADE NAGI

ဒီကျွန်းမှာ လုံခြုံရေး ဆွေးနွေးပွဲလာတက်တဲ့ စင်ကာပူ ပြည်ထဲရေး ဝန်ကြီး K. Shanmugamက ငလျင်ကြောင့် သူတည်းခိုနေတဲ့ ဟိုတယ်မှာ ရပ်ဖို့တောင် တော်တော် ကြိုးစားရတယ်လို့ လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးသားပါတယ်။

ငလျင် ဒဏ်ခံခဲ့ရတဲ့ Gili ကျွန်းမှာရှိတဲ့ ဟိုတယ် အများစု ပျက်စီးခဲ့ပြီး နိုင်ငံခြားသားတွေနဲ့ ဒေသခံ အမြောက်အများ ဘေးလွတ်ရာကို ထွက်ပြေးဖို့ သင်္ဘောတွေစောင့်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသားတချို့ ဒီကျွန်းကနေ စွန့်ခွာပြီးဖြစ်ပေမယ့် အများစုက ကျန်နေဆဲ ဖြစ်ပါတယ်။