အီရန်ကို အမေရိကန်က အရေးယူပိတ်ဆို့မှု လုပ်ပြန်ပြီ

အမေရိကန် အီရန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အမေရိကန် သမ္မတထရမ့်

အီရန်ကို ပြန်လည် အရေးယူပိတ်ဆို့မယ့် အမေရိကန်ရဲ့ အစီအစဉ်ဟာ အနာဂတ် နျူကလီးယား ဆွေးနွေးမှုတွေနဲ့ လမ်းကြောင်းလွဲ တခြားစီ ဖြစ်နေတယ် လို့ အီရန်သမ္မတ က ပြောပါတယ်။

ဒီလို လုပ်တာဟာ အမေရိကန်က အီရန်ကို စိတ်ဓါတ် စစ်ဆင်ရေး ဆင်နွှဲနေတာဘဲလို့ဟါဆန် ရိုဟာနီ က စွပ်စွဲ ပြောဆို လိုက်ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော် က အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်လိုက်ပြီးနောက် အီရန်သမ္မတ ရိုဟာနီရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

၂၀၁၅ တုန်းက ချုပ်ဆိုခဲ့တဲ့ နျူကလီးယား စာချုပ်ကနေ နုတ်ထွက်ဖို့ အမေရိကန် သမ္မတ ထရမ့်က ပြီးခဲ့တဲ့ မေလတုန်းက ဆုံးဖြတ်ခဲ့ပြီးနောက် အီရန်အပေါ် ပြန်လည် ပိတ်ဆို့ အရေးယူဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပိတ်ဆို့ အရေးယူမှုကို ဖယ်ရှားစေချင်ရင်တခုတည်းသော နည်းလမ်းက အီရန်ဟာ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးလက်နက် အစီအစဉ်တွေကို စွန့်လွှတ်ကာ ဆွေးနွေးပွဲသစ် ကျင်းပရမယ်လို့ ထရမ့် အစိုးရက ပြောနေပေမယ့် အဲဒီလို လိုက်ပါ လုပ်ဆောင်မယ့် အရိပ်လက္ခဏာ အနည်းအကျဉ်းတောင် မတွေ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

နျူကလီးယားစာချုပ်ကနေ အမေရိကန် ထွက်သွားပြီးကတည်းက အီရန်မှာ ရွှေဒင်္ဂါး ၀ယ်ယူမှု မြင့်တက်

အမေရိကန် သမ္မတ ထရမ့် ရဲ့ အီရန်အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်ဟာ အီရန်ရဲ့ စီးပွားရေးကို ပစ်မှတ်ထားတာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ နဲ့ ငွေကြေး အလဲအလှယ် ပြုတာတွေ၊ အဖိုးတန် သတ္တု ရောင်းဝယ် ဖေါက်ကားမှု နဲ့ သင်္ဘော တည်ဆောက်ရေး လုပ်ငန်း ၊ ကားလုပ်ငန်း စတာတွေ ပါဝင်ပါတယ်။

တဖက်မှာလည်း သမ္မတထရမ့် က အီရန် အနေနဲ့ နျူကလီးယား ထုတ်လုပ်မှု နဲ့ ပတ်သက်တဲ့ ထိမ်ချန် မှု တွေ ကနေ ဖယ်ခွာပြီး စာချုပ် အသစ်ချုပ်ဆိုမှု ကို လက်ခံမယ် ဆိုရင် အမေရိကန် အနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အသင့် လို့ ဆိုထားပါတယ်။

အီရန် အနေနဲ့ သမ္မတ ရဲ့ ကမ်းလှမ်းချက် ဖြစ်တဲ့ ညှိနှိုင်းမှု အသစ် ကို လက်ခံသင့်ပြီး သူတို့ရဲ့ မီဆိုင်းဒုံးပျံတွေထုတ်လုပ်မှု၊ နျူကလီးယား လက်နက် အစီအစဉ်တွေ ရပ်ဆိုင်း ရုံတင်မက နိုင်ငံတကာ အကြမ်းဖက်မှုတွေကို အားပေးမှု မရှိရအောင် ဒေသတွင်းမှာ စစ်ရေး အကူအညီတွေ ပေးနေတာ ရပ်ဆိုင်းရေး စတာတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဂျွန်ဘိုလ်တန် က ပြောပါတယ်။

ဒါပေမဲ့ အီရန်သမ္မတ ဟါဆန်ရိုဟာနီ ကလည်း ဒဏ်ခတ်ပိတ်ဆို့မှု နဲ့ ဆွေးနွေး ညှိနှိုင်းမှု ဟာ အတူတွဲပြီး မလာတတ်ဘူး လို့ တုံ့ပြန် လိုက်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သမ္မတထရမ့် အနေနဲ့ စိတ်စေတနာ အရင်းခံနဲ့ ပြဿနာ ကို ဆွေးနွေးချင်တယ် ဆိုရင် လက်မောင်း ကို ဓါးနဲ့ထိုး ဆွဲခေါ်ပြီး ဆွေးနွေးကြစို့ လို့ ပြောလို့ မရနိုင်ကြောင်း ၊ အခုလုပ်နေတဲ့ ပုံစံ က စိတ်ဓါတ်စစ်ဆင်ရေး နဲ့ အီရန်နိုင်ငံသားတွေ စိတ်ဝမ်းကွဲအောင် လုပ်နေတဲ့ ပုံစံဖြစ်နေကြောင်း ၊ နောက်ပြီး လာမဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမြတ်ထုတ်နေတာလည်း ပါဝင် နေတယ် လို့ အီရန်သမ္မတ က ပြောပါတယ်။

အမေရိကန် အပါအဝင် ၂၀၁၅ ခုနှစ် က အီရန် နဲ့ နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး သဘောတူစာချုပ် ချုပ်စဉ် က ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား နဲ့ တရုတ် တို့ ပါဝင်ခဲ့ကြပြီး ဒီစာချုပ် က အမေရိကန် ခွဲထွက်တဲ့ တိုင်အောင်၊ ကျန်နိုင်ငံတွေ က ဆက်လက် ပူးပေါင်း ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ဖယ်ဒယ်ရီကာ မိုဂါရီနီ ရဲ့ အထူးအကြံပေး အရာရှိ က အီရန် နဲ့ တကမ္ဘာလုံး ကို သိစေချင်တဲ့ အချက်ကတော့ ဥရောပ သမဂ္ဂ ဟာ အမေရိကန် ရဲ့ ဒုတိယ အဆင့် ဒဏ်ခတ် အရေးယူမှုရဲ့ သက်ရောက်မှု ကို ဘယ်လို တုံ့ပြန် ထိန်းညှိမှု ပြုရမယ် ဆိုတာ ကို စတင် လှုပ်ရှားနေပါပြီ လို့ ရှင်းပြခဲ့ပါတယ်။