Winnie the Pooh ရုပ်ရှင် တရုတ်မှာ ပြသခွင့်ပိတ်

ဓာတ်ပုံ မူပိုင် GETTY/LAURIE SPARHAM
Image caption တရုတ်နိုင်ငံရေးဆန့်ကျင်သူတွေက တရုတ်သမ္မတရှီကို ပူးဝက်ဝံနဲ့ နှိုင်းယှဉ်ဖေါ်ပြ

ဝေါ့ဒစ်စနေရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးတဲ့ Christopher Robin လို့ ခေါ်တဲ့ ဝင်နီသည်ပူး Winnie the Pooh ရုပ်ရှင်ကားသစ်ကို တရုတ်နိုင်ငံမှာ အာဏာပိုင်တွေက အကြောင်းပြချက်မပေးဘဲ ပြသခွင့် ပိတ်လိုက်ပါတယ်။

အဲဒီရုပ်ရှင်ကားဟာ ကလေးတွေ နှစ်ချိုက် သဘောကျကြတဲ့ ဝင်နီသည်ပူး ဝက်ဝံလေးကာတွန်းကို အခြေခံပြီး ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။

တရုတ် နိုင်ငံရေးဆန့်ကျင်သူတွေက တရုတ်သမ္မတ ရှီကျင့်ပင်ကို ပူး ကာတွန်းရုပ်ပုံနဲ့ နှိုင်းယှဉ်ဖေါ်ပြခဲ့ပြီးတဲ့နောက် ပူးကာတွန်းပုံတွေကို နိုင်ငံရေး ဆန့်ကျင်မှု သင်္ကေတအဖြစ် ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလာနေကြပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နှစ်ကစလို့ တရုတ်အာဏာပိုင်တွေက ပူးကာတွန်းပုံတွေကို လူမှုကွန်ယက်တွေ အားလုံးမှာ ပိတ်ပင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Report
Image caption တရုတ်သမ္မတရှီနဲ့အမေရိကန်သမ္မတ အိုဘားမားတို့ အတူလမ်းလျှောက်လာတဲ့ ဓါတ်ပုံနဲ့ ပူးနဲ့ တစ်ဂါ ကျားလေးအတူတွဲလျှောက်နေတဲ့ ကာတွန်းပုံ

၂၀၁၃ ခုနှစ်က တရုတ်သမ္မတရှီနဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ အတူလမ်းလျှောက်လာတဲ့ ဓါတ်ပုံနဲ့ ပူးနဲ့ တစ်ဂါ ကျားလေးအတူတွဲလျှောက်နေတဲ့ ကာတွန်းပုံကို ယှဉ်တွဲဖေါ်ပြခဲ့ရာက အစပြုခဲ့တာဖြစ်ပါတယ်။

နောက်တခါ ၂၀၁၄ တုံးက တရုတ်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓါတ်ပုံကိုလည်း ပူးနဲ့ အီယော မြည်းကလေးတို့ လက်ဆွဲ နှုတ်ဆက်နေတဲ့ ကာတွန်းပုံနဲ့ ယှဉ်ဖေါ်ပြခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Report
Image caption တရုတ်သမ္မတရှီနဲ့ ဂျပန်ဝန်ကြီးချုပ်

၂၀၁၅ ခုနှစ်က ယာဉ်တန်းကြီးနဲ့ တရုတ်သမ္မတ ရှီ လှည့်လည်ကြည့်ရှုတဲ့ ဓါတ်ပုံကို ကလေးကစားစရာကားလေးနဲ့ ဝင်နီသည်ပူးဝက်ဝံလေးပုံကို နှိုင်းယှဉ်ဖေါ်ပြခဲ့လို့ အဲဒီပုံဟာလည်း တရုတ်နိုင်ငံမှာ ဆင်ဆာအလုပ်ရခံဆုံးပုံ အဖြစ် နိုင်ငံရေးလေ့လာသုံးသပ်တဲ့ Global Risk Insights အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။

တရုတ်သမ္မတ ကို ဝက်ဝံနဲ့ နှိုင်းယှဉ်ဖေါ်ပြတဲ့အပေါ် တရုတ်အာဏာပိုင်တွေ ဆတ်ဆတ်ထိ မခံဖြစ်နေကြတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဂျွန်လက ဟာသလုပ်ခဲ့တဲ့ လူရွှင်တော် John Oliver နဲ့ ဒါကို အွန်လိုင်းမှာတင်ခဲ့တဲ့ ဝက်ဆိုက်တွေကိုလည်း တရုတ်နိုင်ငံမှာ ပိတ်ပင်ထားပါတယ်။

တရုတ်သမ္မတရှီကို ဝင်နီသည်ပူးနဲ့ နှိုင်းယှဉ်ဖေါ်ပြတာဟာ သမ္မတနဲ့ သမ္မတရုံးဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာလို့ တရုတ်အာဏာပိုင်တွေက ယူဆတဲ့ အတွက် အခုလိုဝင်နီသည်ပူး ရုပ်ရှင်ကားပြခွင့် ပိတ်တာဖြစ်နိုင်တယ်လို့ Global Risk Insights က သုံးသပ်ဖေါ်ပြခဲ့ပါတယ်။

Christopher Robin ရုပ်ရှင်ကားဟာ ဝက်ဝံလေးနဲ့ ရော်ဘင်တို့ အရွယ်ရောက်လာကြချိန် ပြန်ဆုံဆည်း ခဲ့ကြတာကို ပျော်စရာရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး ရော်ဘင်အဖြစ် ရုပ်ရှင်မင်းသား Ewan McGregor ပါဝင် သရုပ်ဆောင်ထားပါတယ်။