သြဂုတ်လ ၇ ရက် အင်္ဂါညချမ်း ထိပ်တန်း သတင်းတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျာမနီ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် ဆိုင်ရာ ဥပဒေ အရ တရားခံတွေရဲ့ မျက်နှာတွေကို ကာကွယ်ပေးရ

ဂျာမနီနိုင်ငံ တောင်ပိုင်း တရားရုံးတခုမှာ ကလေးတွေနဲ့ လိင်ဆက်ဆံ တတ်တဲ့သူ တွေဆီ ၉နှစ် အရွယ် သားကို အင်တာနက်ကနေတဆင့် ရောင်းစားတဲ့ မိခင်နဲ့ သူရဲ့ ရည်းစားကို ထောင်ဒဏ် ၁၂နှစ်စီ ချမှတ် လိုက်ပါတယ်။

သူတို့ ၂ ဦးဟာ ကလေးကို အတင်းအကြပ် ပြည်တန်ဆာ ပြုစေမှု၊ ကလေးအပေါ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ ကလေးနဲ့ ပတ်သက်ပြီး ကာမရာဂ စိတ်ဖြစ်စေတဲ့ ဓာတ်ပုံတွေ ဖြန့်ဝေမှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာလို့ ဆိုပါ တယ်။

ကလေးကို မတော်မတရား ပြုကျင့်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ကလေးရဲ့ မိခင်နဲ့ မိခင်ရဲ့ ရည်းစားတို့ကို ဖမ်းဆီးခဲ့သလို ကလေးကို မတော်မတရား လုပ်တဲ့သူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ မတော်မတရား ပြုကျင့်သူတွေကိုလည်း အရင်လပိုင်းက ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပိတ်မိနေသူတွေကို ကယ်ဆယ်

အင်ဒိုနီးရှားနိုင်ငံ Lombokကျွန်းမှာ ပြင်းအား ၆.၉ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး တဲ့နောက် ၂ ရက်ကြာ အပျက်အစီးတွေကြားထဲမှာ ပိတ်မိနေတဲ့ လူတွေကို ဆက် ကယ်တင်နေပါတယ်။

ငလျင်လှုပ်ခတ်တဲ့အချိန်မှာ လူ ၅၀လောက်ရှိနေတဲ့ ဗလီတခု ပြိုကျသွားခဲ့ပြီး ဒီနေရာကို ရှာဖွေခဲ့ရာမှာ အပျက်အစီးတွေကြားထဲ အမျိုးသားတဦးကို အသက်ရှင် လျက် ကယ်ထုတ်နိုင်ခဲ့သလို အလောင်း ၃ လောင်းလည်း ထပ်တွေ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါအပြင် ဒီကျွန်းပေါ်က နေရာတခုမှာ အပျက်အစီးတွေကြားထဲကနေ အကူအညီ တောင်းနေတဲ့အသံကို ကြားခဲ့ရပြီး အမျိုးသမီးတဦးကို ကယ်ဆယ်ရေး သမားတွေက အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ငလျင်ကြောင့် လူ ၂ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို လူ ၁၀ဝ နီးပါး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကရင် ပြည်နယ် က ရေကြီးနေမှု မြင်ကွင်း

တနင်္သာရီမြို့မှာ မြစ်ရေဟာ သြဂုတ်လ ၇ ရက်နေ့က စပြီး စိုးရိမ်ရေမှတ် အထက် ၅ ပေကျော် ပြန် ရောက်လာပြီး အနိမ့်ပိုင်း ကျေးရွာတွေမှာ ရေပြန်ဝင်နေတယ်လို့ မြို့ခံတွေက ပြောပါ တယ်။

မြို့ပေါ်နဲ့ ရွာတွေမှာရှိတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုမှာလည်း သြဂုတ် ၉ ရက် အထိသာပဲ ရိက္ခာတွေထောက်ပံထားနိုင်တဲ့အတွက် ရေဘေးသင့် သူတွေ စခန်းတွေ ဆီကို နောက်ထပ်ရောက်လာရင် အစားအသောက်တွေ အခက်အခဲ ဖြစ်လာ နိုင်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ တနင်္သာရီမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က စတင်ပြီး ရေကြီးနစ်မြှုပ်မှုဒဏ် ခံစားနေရတာလို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမှု သစ် တွေ ထပ်တိုးဖို့ရှိ

မစ္စတာ နာဂျစ်ကို ကော်မရှင်က စုံစမ်း စစ်ဆေးခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့ မနက်ဖန် တရားရုံးမှာ ငွေကြေးခဝါချမှုနဲ့ ထပ်စွဲဆိုသွားမယ်လို့ ဆိုပါတယ်။

သူအာဏာရယူထားစဉ် အစိုးရပိုင်ငွေ ဒေါ်လာ ဘီလီယံနဲ့ချီပျောက်ဆုံးမှုနဲ့ ဆက်နွယ်တယ်ဆိုပြီး ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ဇူလိုင်လက ယုံကြည်မှု အလွဲသုံးစား လုပ်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

မစ္စတာ နာဂျစ်က ဒီဖြစ်ရပ်တွေအပေါ် ငြင်းဆန်ထားပါတယ်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရာဇတ်နာဂျစ်ကို စွဲဆိုချက်အသစ်တွေနဲ့ ထပ်တိုး တရားစွဲမယ်တယ်လို့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကောင်မရှင်က ပြောပါ တယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မွန်ချီကာ (Monchique)မြို့ဘက်ကို မီးတောက်တွေ ဦးတည်လာ

ဥရောပတဝန်းမှာ အပူလှိုင်းတွေ ဖြတ်နေချိန်မှာပဲ ပေါ်တူဂီနိုင်ငံ အနောက် တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေက ငြိမ်းသတ်ဖို့ ကြိုးစားနေပါတယ်။ တောမီးဟာ အနီးနား အယ်လ်ဂတ် (Algarve) ဒေသထဲက မြို့တွေကို ကူးစက်လာနိုင်တယ်လို့ ဆိုပါတယ်။

လေတိုက်နှုန်းကလည်း ပြင်းလာတာကြောင့် ဒီဒေသထဲမှာ ရှိတဲ့ မွန်ချီကာ (Monchique)မြို့ဘက်ကို မီးတောက်တွေ ဦးတည်လာကြောင့် ဒေသခံ ၂၅၀ လောက် ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘဏ် အကောင့်တွေကို ခိုးယူနေလို့ စွပ်စွဲ ခံထားရ

အမေရိကန် ဘဏ်တွေဆီကနေ အသုံးပြုသူတွေရဲ့ အချက်အလက်ကို တောင်းခံခဲ့ တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို လူမှုကွန်ရက် Facebookက ငြင်းဆို လိုက်ပါတယ်။

Wall Street ဂျာနယ်က Facebookက အမေရိကန် ဘဏ်တွေကို ချဉ်းကပ်ပြီး ဘဏ်အသုံးပြုသူတွေရဲ့ အချက်အလက်၊ ဘဏ်အကောင့်၊ ငွေကြေး လွှဲပြောင်းမှုနဲ့ ဆိုင်တဲ့ အချက်အလက်တွေ တောင်းခံခဲ့တယ်လို့ သတင်းရေးသားခဲ့တာကို Facebookက ပြန်ငြင်းဆို လိုက်တာ ဖြစ်ပါတယ်။