ဓာတုလက်နက်သုံးတယ်လို့ ဆုံးဖြတ်ပြီး ရုရှားကို အမေရိကန် ပိတ်ဆို့အရေးယူ

ဓာတ်ပုံ မူပိုင် AFP

ဗြိတိန်မှာနေထိုင်နေတဲ့ ရုရှား သူလျှိုဟောင်း Sergei Skripalနဲ့ သမီးကို ဓာတု လက်နက်သုံး တိုက်ခိုက်တယ်လို့ ဆုံးဖြတ်လိုက်ပြီး အမေရိကန်က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ်လို့ ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauertက ၁၉၉၁ ခုနှစ် ဓာတုနဲ့ ဇီဝလက်နက် ထိန်းချုပ် တားမြစ်ရေး ဥပဒေအရ ရုရှားအစိုးရက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး ကိုယ့်နိုင်ငံသားတွေအပေါ်ကို ဓာတု၊ ဇီဝ လက်နက်ကို အသုံးပြုတယ်လို့ အမေရိကန်က ဆုံးဖြတ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်ဘက်က ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေက သြဂုတ် ၂၂ ရက်မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

ဘယ်လို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မလဲဆိုတာ အသေးစိတ် မသိရသေးပေမယ့် အမေရိကန် NBC သတင်းမှာ အမေရိကန်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေ ရုရှားကို တင်ပို့တဲ့ လိုင်စင်ကို တားမြစ်တာတွေ ပါဝင်ဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။

ဓာတုလက်နက် အသုံးပြုတာကို ရပ်မယ်လို့ ရုရှားက အာမ မခံဘူးဆိုရင် ရက် ၉၀ အတွင်း နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။

ဘီဘီစီရဲ့ ဝါရှင်တန် အခြေစိုက် သတင်းထောက် ဂယ်ရီ အိုဒေါင်နဟူး (Gary O'Donoghue)က မော်စကိုဘက်က ဒီလိုလုပ်တာကို အာခံသွားဖို့ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် သမ္မတ ပူတင်နဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်နေတဲ့ သမ္မတ ထရမ့်ရဲ့ ကြိုးပမ်းမှုက မထိရောက်ဘဲ လမ်းလွှဲ သွားနိုင်တာကြောင့် ဒီကိစ္စအပေါ် သူက ရေငုံနှုတ်ပိတ်နေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Rex Features
Image caption မစ္စတာ Skripalနဲ့ သမီး Yulia

မစ္စတာ Skripalနဲ့ သမီး Yulia တို့ဟာ Salisburyမြို့က ခုံတန်းတခုပေါ်မှာ သတိမေ့မြောနေတာကို မတ်လ ၄ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ခဲ့ပြီးတဲ့နောက် စုံစမ်းစစ်ဆေးခဲ့ရာမှာ စစ်တပ်တွေမှာ အသုံးပြုတဲ့ အာရုံကြော ဓာတုအဆိပ် Novichokကို အသုံးပြု တိုက်ခိုက်တယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

တိုက်ခိုက်ခံရသူ ၂ ဦးဟာ ဆေးရုံပေါ်မှာ သတင်းပတ်များစွာ ကုသခံရပြီးတဲ့နောက် ပြန်လည် သက်သာလာခဲ့ပါတယ်။ ရုရှားက ဒီဖြစ်ရပ်မှာ ပါဝင် ပတ်သက်မှု မရှိဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၀က ရုရှား သံတမန်တွေကို နှင်ထုတ်ခဲ့သလို အမေရိကန်ဆိုရင် ရုရှား သံတမန် ၆၀ကို နိုင်ငံထဲကနေ ထွက်သွားဖို့ ညွန်ကြားခဲ့ပြီး Seattle မြို့မှာ ရှိတဲ့ ရုရှား ကောင်စစ်ဝန်ရုံးကို ပိတ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ ဗြိတိန် Amesbury မြို့မှာ စုံတွဲတတွဲလည်း အလားတူ တိုက်ခိုက်ခံရပြီး အသည်း အသန် နေမကောင်း ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် Charlie Rowleyရဲ့ ရည်စား Dawn Sturgess သေဆုံးခဲ့ပါတယ်။

နောက်ပိုင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ Novichok ဓာတု အဆိပ်နဲ့ တိုက်ခိုက်ခံရ တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ