တရုတ်မှာ ဆောက်လုပ်ပြီးစီးခါနီး ဗလီကြီးတခုကို ဖြိုပစ်မယ်ဆိုလို့ ဟွေ မွတ်ဆလင်တွေ ဆန့်ကျင်နေကြ

ဓာတ်ပုံ မူပိုင် Weibo
Image caption ဝေ့ဂျိုး ဗလီကြီး က အရှေ့အလယ်ပိုင်း ဗလီပုံစံ အကြီးစား ဗလီကြီးဖြစ်

တရုတ်နိုင်ငံ အတွင်း မွတ်ဆလင် တွေ အများအပြားနေထိုင်တဲ့ နင်ရှီယာ (Ningxia) ခရိုင်အတွင်းက ဝေ့ဂျိုး (Weizhou) အရပ်မှာ တည်ဆောက်ပြီးစီးခါနီး ဗလီကြီးတခု ကို အာဏာပိုင်တွေ က ဖြိုချမယ်ဆိုတဲ့ အမိန့်ထွက်လာပြီးနောက် ဒေသခံ ဟွေ (Hui) မွတ်စလင်တွေ ဗလီကြီးရှေ့မှာ စုရုံး ကာ ဆန့်ကျင်ဆန္ဒပြနေကြပြီး ဗလီကြီး ကို မဖျက်ဆီးဖို့ ကာကွယ်နေကြပါတယ်။

သြဂုတ်လ ၃ ရက်နေ့မှာ ဒေသခံ အာဏာပိုင်တွေ က ဒီ ဗလီ ဟာ လိုအပ်တဲ့ ဆောက်လုပ်ခွင့် ပါမစ် မရ တာကြောင့် အင်အားသုံးဖြိုချမယ် ဆိုတဲ့ သတိပေးစာ ကို ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်း အဲဒီစာ ဟာ ဒေသခံ ဟွေ မွတ်ဆလင်တွေအကြား အွန်လိုင်း ကနေ တဆင့် ပြန့်နှံ့သွားခဲ့ပါတယ်။

ဗလီကြီးရှေ့မှာ လူတွေ စု ဆန္ဒပြတာတွေ သြဂုတ်လ ၉ ရက်နေ့ကတည်းက စတင်ခဲ့ပြီး ဗလီကို ဖြိုချမယ်လို့ အစိုးရ က သတ်မှတ်တဲ့ သြဂုတ်လ ၁၀ ရက်နေ့ မှာလည်း သူတို့ စုရုံး ဆန့်ကျင် ကြတုန်းပါ။

ဗလီ ကြီး ကိုဆောက်လုပ်လာတာ ၂ နှစ် ကြာလာပြီဖြစ်ပြီး ဆောက်လုပ်ခွင့် ပါမစ်မရှိ ဘူးဆိုရင် အရင် ကာလတွေတုံး က မတားဆီးဘဲ အခုပြီးစီးခါနီးအချိန်မှာမှ ဘာကြောင့် ပိတ်ပင် တားဆီး သလဲ ဆိုတာ ကလည်း ဒေသခံတွေ အကြား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဗလီကြီး က တရုတ်မှာ အရင် တည်ဆောက်နေကျ ဗလီ တွေလို အသေးစား လေးတွေ မဟုတ်ဘဲ အမိုးခုံး ကြီး ၉ ခု နဲ့ မျှော်စင် ၄ ခု ပါဝင်တဲ့ ဗလီ ကြီး ဖြစ်ပါတယ်။

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်၊ တရုတ် ဘာသာ ဌာန က အကြီးတန်း သတင်းထောက် ဂျင်ရှီခေျာင် က တရုတ် မှာ အစဉ်အလာ အရ ဆောက်တဲ့ ဗလီတွေ က သိပ်မကြီး ဘူး၊ အခု က အရှေ့ အလယ်ပိုင်းဒေသ မှာ တည်ဆောက်လေ့ရှိကြတဲ့ ဗလီ ကြီး မျိုးတွေ ဖြစ်တယ်၊ တရုတ်အစိုးရအနေနဲ့ ပြင်ပ နိုင်ငံ ကနေ ဘာသာရေး အရ လွှမ်းလာမှာကို စိုးရိမ်နေကြပြီး ဒါဟာ သူတို့အပေါ် ခြိမ်းခြောက်မှုအဖြစ် သဘောထားနေကြတယ် လို့ ပြောပါတယ်။

တရုတ်နိုင်ငံ တဝန်းလုံးမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူပေါင်း ၂၃ သန်းလောက်ရှိပြီး၊ နင်ရှီယာ ခရိုင်အတွင်းမှာ မွတ်ဆလင်တွေက အဓိက လူမှုအသိုင်းအဝိုင်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟွေ မွတ်ဆလင်တွေဟာ တရုတ် က အကြီးဆုံး မွတ်ဆလင်အသိုင်းအဝိုင်းတွေ ထဲက တခုဖြစ်

ဟွေ မွတ်ဆလင် တွေ အဲဒီ ဒေသမှာ နေထိုင်လာကြတာ ရာစုနှစ်များစွာ ကတည်းကပါ။

အရင် က ဆင်းရဲ ခဲ့တဲ့ ဒေသတခု ဖြစ်ခဲ့တဲ့ တရုတ် အရှေ့ဘက်အခြမ်းက နင်ရှီယာ ခရိုင်ဟာ တရုတ် နိုင်ငံ ရဲ့ စီးပွားရေး အောင်မြင်မှုနဲ့အတူ တိုးတက် ထွန်းကားလာခဲ့သလို၊ ချမ်းသာတဲ့လူ တွေ တိုးပွား လာတာနဲ့အတူ ဘာသာရေး ဘက်မှာ သုံးစွဲနိုင်တာတွေ ပိုများလာခဲ့ပါတယ်။

ဟွေ မွတ်ဆလင်တွေ က တရုတ်နိုင်ငံ လူမှုအသိုင်းအဝိုင်းထဲမှာ အကျယ်အပြန့် ပေါင်းစည်းဝင်နိုင်ခဲ့ကြပြီးတော့ နိုင်ငံ အနောက်ဖက် မှာ တည်ရှိပြီး အာရှအလယ်ပိုင်းနိုင်ငံတွေ နဲ့ နီးတဲ့ ရှင်ဂျန်း (Xinjiang) ခရိုင် က ဝိဂါ (Uighur) မွတ်ဆလင် တွေ လို အစိုးရရဲ့ ဖိအားတွေ သိပ်ပြင်းပြင်းထန်ထန် ခံစားရတာတွေ မရှိခဲ့ပဲ သူတို့ အနေနဲ့ သူတို့ ကိုးကွယ်ရာ ဘာသာ ကို လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဝိဂါတွေနဲ့ မတူပဲ ဟွေ မွတ်ဆလင်တွေဟာ လူမျိုးအရ တရုတ်တွေ ဖြစ်သလို မန်ဒရင်း ဘာသာစကား ပြောသူတွေဖြစ်

အခုကာလမှာတော့ ဘာသာရေး ကို ပိုပြီး အာရုံစိုက် လာကြတဲ့ ဟွေ မွတ်ဆလင်တို့ ကို အာဏာ ပိုင်တွေ က စောင့်ကြည့်တာ ပိုတိုးလာနေပြီး အခုတော့ ဗလီ ဖျက်မယ့်အထိ ဖြစ်လာနေတာပါ။

တရုတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဘာသာရေး လွတ်လပ်ခွင့် ပေးတယ်လို့ အာမခံထားပေမယ့် လက်တွေ့မှာတော့ ဘာသာရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေ ကို အစိုးရ က ပဲ တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။

ဝေ့ဂျိုး ဗလီကြီး အဖြစ်အပျက်ကိုကြည့်ပြီး တရုတ်အစိုးရရဲ့ မွတ်ဆလင် တွေ အပေါ် တင်းကျပ်မှုတွေ က ဝိဂါ မွတ်ဆလင် တွေ ကိုသာ မကတော့ပဲ ဟွေ မွတ်ဆလင် တို့ ဆီ ရောက်လာပြီ လို့ ဆိုနေ ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ