အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားမှုတွေကို ရိုမေးနီးယားပြည်သူတွေ ဆန္ဒပြ

ရိုမေးနီးယား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မြို့လယ်မှာ စုရုံး ဆန္ဒပြနေကြသူများ

ရိုမေးနီးယား နိုင်ငံ ဘူခါရက် မြို့လယ်မှာ ထောင်သောင်းချီတဲ့ လူတွေ ထပ်မံ ဆန္ဒပြခဲ့ပြီး အစိုးရရဲ့ အဂတိ လိုက်စားမှုနဲ့ အာဏာ အလွဲသုံးစားမှုတွေကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဥရောပ တလွှားမှာ ရောက်နေတဲ့ ရိုမေးနီးယန်း ပြည်သူတွေလည်း နေရပ်ပြန်လာကာ ဒီဆန္ဒပြမှုမှာ ပါဝင် ခဲ့ကြပြီး ကား ဟွန်းတွေတီး ၊ အလံတွေ ဝှေ့ယမ်း ကိုင်ဆောင်ကာအော်ဟစ် ခဲ့ကြပါတယ်။

ရိုမေးနီးယားမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိပ်တန်း အရာရှိ တယောက်ကိုရာထူးက ဖယ်ရှားခဲ့ပြီးနောက် လူတွေက အစိုးရ အပေါ် ဒေါသထွက် ခဲ့ကြတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့တွေကို ဆန္ဒပြပွဲတွေမှာ စေလွှတ် နှိမ်နင်းစေခဲ့ပြီး ၊ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ရော်ဘာကျည်တွေ မျက်ရည်ယိုဗုံးနဲ့ မီးသတ် ပိုက်တွေသုံးကာ လူစု ခွဲခဲ့ပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ အင်အား အလွန်အကျွံ သုံးနှိမ်နင်းခဲ့တယ်ဆိုတဲ့ သမ္မတ Klaus Iohannis အပါအဝင် လူတွေရဲ့ စွပ်စွဲ ပြောဆိုချက်တွေကို ရဲတွေက ပယ်ချလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ရဲတွေကလည်း အင်အားသုံး ဖြိုခွင်း

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ရိုမေးနီးယားမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု အတွင်း လူသောင်းနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေကို အာဏာ အလွဲသုံးစားမှု ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ အစိုးရက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

DNA လို့ လူသိများတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီ အဖွဲ့က လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်တဲ့ နိုင်ငံရေးသမား အများအပြားကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့ကို ထောက်ခံသူတွေကတော့ နိုင်ငံတကာက ထောက်ပြ ပြောဆိုနေတဲ့ ရိုမေးနီးယားကို ဂုဏ်ကို တိုးမြှင့်အောင် အဲဒီအဖွဲ့က လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုတချို့ကို ပလပ်ဖို့ အစိုးရက မနှစ်က ကြိုးစားခဲ့ပြီး DNA အဖွဲ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းနေတယ်လို့ ဆိုပါတယ်။

ဒီအေဂျင်စီရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံတဲ့ သမ္မတ Klaus Iohannis ကိုလည်း ဖိအားပေးဖို့ ကြိုးစားနေပြီး ဖွဲ့စည်းပုံ တရားရုံး အမိန့်နဲ့ DNA အဖွဲ့အကြီးအကဲကို ထုတ်ပစ်ဖို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ရိုမေးနီးယား ပြည်သူတွေ ဆန္ဒထုတ်ဖော်

မနှစ်ကလည်း ရိုမေးနီးယားနိုင်ငံမှာ လာဘ်စားမှုတမျိုးဆိုရင် ထောင်မချဘူးဆိုတဲ့ ဥပဒေထုတ်တာနဲ့ ပတ်သက်ပြီး ရိုမေးနီးယား စီးပွားရေးဝန်ကြီး ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

အစိုးရဟာ သူ့ကို ထောက်ခံသူတွေ စိတ်ပျက်စရာဖြစ်အောင် လုပ်ခဲ့ပြီး သူဝန်ကြီးအဖြစ် ဆက်မနေနိုင်တော့ဘူးလို့ ဝန်ကြီး ဖလော်ရင် ဂျီယန်းနုက ပြောပါတယ်။

ရိုမေးနီးယား သမ္မတ မစ္စတာ အိုင်အို ဟန်းနစ်စ် ကလည်း ဒီဥပဒေကို အရေးပေါ်ပြဋ္ဌာန်းခဲ့တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီကို ဝေဖန်လိုက်ပြီး ဖွဲ့စည်းပုံခုံရုံးကတဆင့် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

ရိုမေးနီးယားဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ထိခိုက်နေပြီလို့ အမေရိကန်၊ ပြင်သစ်နဲ့ ဂျာမဏီအပါအဝင် နိုင်ငံ ၆ နိုင်ငံက သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ထားတာ ဖြစ်ပါတယ်။