နေနဲ့ အနီးဆုံး အမြန်ဆုံးယာဉ်နဲ့ သွားလေ့လာမယ်

Parker Solar Probe

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမေရိကန်ပြည်ထောင်စုက အာကာသ စူးစမ်းလေ့လာရေးကို အလေးထား လုပ်ဆောင်နေတဲ့ နာဆာအဖွဲ့က သမိုင်းမှာ ပထမဆုံးအကြိမ် နေနဲ့ အနီးဆုံးထိ ရောက်အောင်သွားပြီး စူးစမ်း လေ့လာမှုတွေ လုပ်နိုင်မယ့် ဂြိုဟ်တုတလုံးကို လွှတ်တင်လိုက် ပါတယ်။

ဖလော်ရီဒါ ပြည်နယ်၊ ကိတ် ကာနာဗာရယ် Cape Canaveral စခန်းကနေ ဒယ်လ်တာ ဖိုး အမျိုးအစား ဒုံး ၃ စင်းနဲ့တွဲပြီး အဲဒီ ဂြိုဟ်တုကို လွှတ်တင်တာ ဖြစ်ပါတယ်။

ဂြိုဟ်တုကို ပါကာဆိုလာလို့ နာည် ပေးထားတဲ့ အဲဒီ ဂြိုဟ်တုကို သြဂုတ် ၁၂ ရက်နေ့ ဒေသ စံတော်ချိန် မနက် ၃နာရီခွဲကျော်က အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပါတယ်။

အရင်တစ်ရက် သြဂုတ် ၁၁ရက်နေ့ လွှတ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ အချက်ပေးသံကြောင့် မအောင်မြင် ဖြစ်ခဲ့ရပြီးတဲ့ နောက်မှာ ခုလို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

ပါကာဆိုလာက ဘာတွေ စွမ်းဆောင်နိုင်မလဲ

လွှတ်တင်ပြီး ၁ နာရီအကြာမှာ တွဲရက် လွှတ်တင်လိုက်တဲ့ ဒုံးနဲ့ ပါကာ ဂြိုဟ်တုဟာ သီးခြား ခွဲထွက်သွားပြီး အာကာသထဲကို အောင်မြင်စွာ ရောက်သွားတယ်လို့ နာဆာက အတည်ပြု ပါတယ်။

ဂြိုဟ်တုကို ဒေါ်လာ ၁.၅ ဘီလီယံ အကုန်ကျခံတည်ဆောက်ခဲ့သလို တစ်က္ကန့်ကို မိုင် ၁၂ဝ နှုန်း မောင်းနှင်နိုင်တာကြောင့် လူတွေ တည်ဆောက်ထားတဲ့ ယာဉ်တွေထဲမှာ အမြန်ဆုံး ယာဉ်တခု ဖြစ်ပါတယ်။

ဒါအပြင် နေနဲ့ အနီးဆုံး ကီလိုမီတာ ၆.၁၂ သန်း အကွာအထိ ရောက်မှာ ဖြစ်တာကြောင့် သမိုင်းမှာ ပထမဆုံး နေနဲ့ အနီးဆုံး နေရာကို ရောက်နိုင်မယ့် ယာဉ်တစီးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဒီအကွာအဝေးဟာ အရမ်းကြီးနီးတဲ့ အကွာအဝေးမဟုတ်ပေမယ့်လည်း ဥပမာအားဖြင့် ကမ္ဘာနဲ့ နေ ၁ မီတာလောက် ဝေးတယ်ဆိုရင် ပါကာ ဂြိုဟ်တုက နေနဲ့ ၄စင်တီမီတာ အကွာကို ရောက်တဲ့ သဘောလို့ သိပ္ပံပညာရှင် ဒေါက်တာ နစ်ကီ ဖောက်စ်က ရှင်းပြပါတယ်။ အရင်က နေနဲ့ အနီးဆုံး ကီလိုမီတာ ၄၃ သန်း အကွာ အထိပဲ ယာဉ်တွေ ရောက်ရှိခဲ့တာ ဖြစ်ပါ တယ်။

နာဆာမှာ နေနဲ့ပတ်သက်ပြီး လေ့လာနေတဲ့သိပ္ပံပညာရှင် အဲလက်ဇ်ယန်း ကလည်း ဒီ ဂြိုဟ်တုဟာ ပထမဆုံးအကြိမ် နေဆီကို အရောက်သွားတာ ဖြစ်ပြီး နေလုံးဝ ကြတ်ရင် မြင်ရတဲ့ နေရဲ့ အပြင်ဘက်က လွမ်းခြုံထားတဲ့ corona အလွှာကို သွားလေ့လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နေနဲ့ပတ်သက်တဲ့ အခြေခံ မေးခွန်းတွေကို ဖြေဆိုနိုင်မှာ ဖြစ်ပြီး စကြာဝဋ္ဌာထဲမှာ ရှိတဲ့ ကြယ်တွေရဲ့ အကြောင်းကိုလည်း ပြောပြနိုင်မှာလို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ပါကာဂြိုဟ်တုဟာ သီတင်း ၆ ပတ်ကြာရင် သောကြာဂြိုဟ်ကို ကျော်ဖြတ်မှာ ဖြစ်သလို နောက် သီတင်း ၆ပတ် အကြာမှာ နေနဲ့ အနီးဆုံးနေရာကို ရောက်မယ်လို့ ဆိုပါတယ်။

ဒီဂြိုဟ်တုဟာ အာကာသထဲမှာ ၇ နှစ်ကြာ ရှိနေမှာ ဖြစ်ပြီး နေကို ၂၄ ပတ် ပတ်မှာ ဖြစ်တယ်လို့ သတင်း တွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် နေနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ အထူးသဖြင့် ကမ္ဘာ အပေါ် သက်ရောက်မှု တွေရှိတဲ့ နေကို အပြင်ဘက်ကနေ လွှမ်းခြုံထားတဲ့ Corona အလွှာကို ဂြိုဟ်တုက အထူးပြု လေ့လာပြီး အချက်အလက်တွေ ပြန်လည် ပေးပို့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဂြိုဟ်တုက ပေးပို့တဲ့ အချက်အလက်တွေက နေနဲ့ပတ်သက်ပြီး လျှိုဝှက်ဆန်းကြယ်တဲ့ အကြောင်းအရာတွေကို ပိုမိုနားလည်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေပါတယ်။