လေယာဉ်ပျက်ကျရာက အသက်ရှင်ကျန်တဲ့ ကလေးငယ်

ဓာတ်ပုံ မူပိုင် AFP

အင်ဒိုနီးရှားမှာ လေယာဉ်ပျက်ကျလို့ လူ ၈ ဦးသေဆုံးခဲ့ပေမယ့် လေယာဉ်နဲ့လိုက်ပါသွားတဲ့ ကလေးငယ်တဦးက သေကံမရောက် သက်မပျောက်ဘဲ အပျက်အစီးတွေနားမှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံထုတ် Pilatus လေယာဉ်အမျိုးအစားဟာ အင်ဒိုနီးရှားတာနာမီရာဟ် ကနေ အုတ်ဆီဘီလ် ဆိုတဲ့ နေရာကို ထွက်ခွာ လာရာမှာ ပါပူအာ ခရိုင်အတွင်း သြဂုတ် ၁၁ ရက်နေ့ နေ့လယ်ပိုင်းတုန်းက အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ပျက်ကျခဲ့ပါတယ်။

လေယာဉ်ပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ် လိုက်ပါလာတဲ့ အသက် ၁၂ နှစ်အရွယ် ကလေး တဦးကို အသက်ရှင်လျက် အပျက် အစီးတွေ ကြားထဲမှာ သြဂုတ် ၁၂ ရက် မနက်ပိုင်းက ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

ဒီမိုနင်မ် လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ မောင်းတဲ့သူ ၂ ဦး အပါအဝင် လူ ၉ ဦး လိုက်ပါလာခဲ့တာလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

လေယာဉ် ပျက်ကျတဲ့နေရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ကလေးက သတိရှိနေပြီး ကင်မရာကို ကြည့်နေတာကို တွေ့မြင်ရ တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာ အနီးမှာ ရှိတဲ့ရွာသားတွေက ကျယ်လောင်တဲ့အသံကို ကြားခဲ့ရပြီးတဲ့နောက် ပေါက်ကွဲသံတွေကို ဆက်တိုက် ကြားရတယ်လို့ ပြောတဲ့အကြောင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်း အရင်းကို စုံစမ်းနေတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ ပါပူအာ ခရိုင်ဟာ ဝေးလံခေါင်ဖျားတဲ့နေရာ တခု ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အတွက် လေယာဉ်ကို အဓိက အားထားနေရပါတယ်။

ဒီနေရာဟာ တောင်ကုန်း၊ တောင်တန်းတွေ ထူထပ်ပြီး ဆက်သွယ်ဖို့ ခက်ခဲတာကြောင့် လေယာဉ်တွေ ထိန်းကြောင်း မောင်းနှင် ရာမှာ ခက်ခဲတဲ့ နေရာ တခုလည်း ဖြစ်ပါတယ်။

ဒါအပြင် ရာသီဥတုအခြေအနေကလည်း အလျင်အမြန် ပြောင်းလဲနေတာကြောင့် လေယာဉ်မှူးတွေ လေယာဉ်မောင်းနှင်ရာမှာ စိန်ခေါ်မှု တခုဖြစ်နေတယ်လို့ ဆိုပါတယ်။

အရင် ၃ နှစ်ကလည်း အုတ်ဆီဘီလ် အနီးမှာ လေယာဉ်တစီး ပျက်ကျလို့ လိုက်ပါလာသူ ၅၄ ဦးလုံး သေဆုံးခဲ့ဖူးပါတယ်။