အမေရိကန်မှာ လူဖြူကြီးစိုးရေး ဆန္ဒပြပွဲကို တန်ပြန်ဆန္ဒပြ

လူဖြူကြီးစိုးရေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

မှန်းထားတာထက် ဆန္ဒပြပွဲ တက်ရောက်သူ နည်းပါး

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့က အိမ်ဖြူတော် ရှေ့မှာ လူဖြူကြီးစိုးရေး ဝါဒီတွေနဲ့ လက်ယာယိမ်း ထောက်ခံသူတွေ စုရုံး ဆန္ဒပြ ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို လူလေးရာလောက် ပါ၀င်မယ်လို့ ' Unite the Right ' အဖွဲ့က မှန်းထားပေမယ့် တန်ပြန် ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတွေကြောင့် သူတို့ ထင်ထားသလောက် အများအပြား ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

မနှစ်က ဗာဂျီးနီးယား ပြည်နယ် ရှားလော့ဒ်ဗေးလ် မြို့မှာ လူမျိုးရေး ဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာ တနှစ်မြောက် တဲ့ အထိမ်းအမှတ်နဲ့ အခုလို ဆန္ဒပြပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အတွင်း လူဖြူကြီးစိုးရေး ဝါဒီတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေရဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် အမျိုးသမီး တယောက် သေဆုံးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

Freedom Plaza မှာ တန်ပြန် ဆန္ဒပြသူတွေကလည်း ဆင်နွှဲပြန်

အမေရိကန်ပြည်ထောင်စု မှ လူဖြူဝါဒ ကြီးစိုးရေး ကို ထောက်ခံအားပေးတဲ့ လက်ယာ အစွန်းရောက် အမျိုးသားရေး ချီတက် လှုပ်ရှားမှု တရပ်ကို ဝါရှင်တန်မြို့တော်မှာ ကျင်းပကြတဲ့ အခါမှာ တန်ပြန် လက်ဝဲ အစွန်းရောက် တွေ ကလည်း ဆန္ဒပြဖို့ ရောက်လာ ခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ဖြူတော် အရှေ့အထိ ချီတက် ဆန္ဒပြကြလို့ ရဲတွေ ရဲကားတွေ ကြိုတင် အသင့်ပြင်ထားသလို ရဟတ်ယာဉ် တွေ လည်း ပျံဝဲ နေခဲ့ပါတယ်။

ဗာဂျီးနီးယား ဘက်ကနေ ဝါရှင်တန် ဒီစီ ဘူတာ ဝင်တဲ့ ရထားတွေ ကိုလည်း လမ်းတဝက် က ရပ်နားထားပြီး ဘတ်စ်ကားတွေ အစားထိုး ပြေးဆွဲပေးပါတယ်။

ပြီးခဲ့တဲ့ နှစ် က ဗာဂျီးနီးယား ပြည်နယ် Charlottesville မှာ အခုလို ဆန္ဒပြယင်း က ရုန်းရင်း ဆန်ခတ် ဖြစ်သွားခဲ့လို့ တနှစ်ပြည့်တဲ့ မနေ့ က လုံခြုံရေး အထူးကြပ်မတ် ခဲ့တာ ဖြစ်ပါတယ်။

မနှစ် က လူမျိုး အသားအရောင် ခွဲခြားတဲ့ အရှိန် မြင့်တက်ခဲ့လို့ နှစ်ဘက်ရင်ဆိုင် အကြမ်းဖက်တာတွေ ဖြစ်ခဲ့ပါတယ်။

မနှစ် က Charlottesville အဓိကရုဏ်း ဖြစ်ခဲ့စဉ်က သမ္မတ ထရမ့်က အုပ်စု နှစ်ဖက်စလုံး ကို အပြစ်တင်ခဲ့ပေမဲ့ အခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ကတော့ သူ့တွစ်တာ မှာ အသားအရောင် လူမျိုး ခွဲခြားမှု မှန်သမျှ ကို သူ အပြစ်တင် ရှုံ့ချကြောင်း ရေးထားပါတယ်။