ဆီးနိတ်ထဲကျွန်မရောက်လာပြီ၊ လူမျိုးရေးခွဲသူတွေ ဘာတတ်နိုင်လဲ

Image caption စိမ်းလန်းရေး ဂရင်းပါတီ အမတ် မစ္စ ဖရွတ်ကီ

ဩစတြေးလျ နိုင်ငံ ဆီးနိတ်လွှတ်တော်ထဲမှာ လူမျိုးရေး ခွဲခြားမှု ဝါဒနဲ့ ပတ်သက်ပြီး ခါးခါးသည်းသည်း အငြင်းပွား အချင်းများ နေကြချိန်မှာပဲ မွတ်ဆလင် အမျိုးသမီး တစ်ယောက် ပထမဆုံး အကြိမ် အနေနဲ့ ဆီးနိတ် လွှတ်တော်အမတ် ဖြစ်လာပါတယ်။

မယ်ဟ်ရီးန် ဖရွတ်ကီကို ဩစတြေးလျ ဆီးနိတ်က အမတ်အဖြစ် အတည်ပြု ခန့်အပ် ခဲ့ပြီ ဖြစ်ပါတယ်။

မစ္စ ဖရွတ်ကီဟာ ပါကစ္စတန်နိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

မတူကွဲပြားမှုတွေ အပေါ် အလေးထားတဲ့ ဩစတြေးလျရဲ့ အနာဂတ်ပိုပြီး ခိုင်မာလာစေတယ် ဆိုပြီး မစ္စ ဖရွတ်ကီက ဘီဘီစီကို ပြောပါတယ်။

နယူဆောက်သ်ဝေးလ်စ် နယ်က စိမ်းလန်းရေး ဂရင်းပါတီ အမတ် မစ္စ ဖရွတ်ကီဟာ ဆီးနိတ်တွင်း လစ်လပ်နေတဲ့ နေရာကို ဖြည့်ဖို့ အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းထဲမှာပဲ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဆီးနိတ်အမတ် တစ်ယောက်ဖြစ်တဲ့ ဖရေဆာ အဲန်နင်း ဆိုသူက လူဝင်မှုနဲ့ ပတ်သက်ပြီး "နောက်ဆုံးနည်းလမ်း" ဆိုတဲ့ ဝေါဟာရမျိုး သုံးစွဲပြီး လွှတ်တော်ထဲ ပြောဆို ခဲ့တာကြောင့် ခါးခါးသည်းသည်း ကန့်ကွက် ခံ၊ ဝေဖန် ခံနေရပါတယ်။

Image caption "နောက်ဆုံးနည်းလမ်း" ဆိုတဲ့ ဝေါဟာရသုံးလို့ ဝေဖန် ခံရသူ

နောက်ဆုံးဖြေရှင်းပုံနည်းလမ်း ဆိုတဲ့ ဝေါဟာရမျိုးဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးတွေကို နာဇီတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဟိုလိုကော့စ် ဖြစ်ရပ်မျိုးကို ထင်ဟပ်တဲ့ ဝေါဟာရ ဖြစ်တယ်ဆိုပြီး ဝေဖန်သူတွေက မစ္စတာ အဲန်နင်းကို ဝေဖန် နေကြတာ ဖြစ်ပါတယ်။

မစ္စတာ အဲန်နင်းအပေါ် ဝေဖန်သူတွေထဲ အခု ဆီးနိတ်အမတ် ဖြစ်လာတဲ့ မစ္စ ဖရွတ်ကီလည်း အပါအဝင် ဖြစ်ပါတယ်။

မစ္စတာ အဲန်နင်းရဲ့ မိန့်ခွန်းဟာ အမုန်းတရားနဲ့ လူမျိုးရေး ခွဲခြားမှု ဝါဒတို့ ပေါင်းစပ်နေပြီး သန်းပေါင်းများစွာသော ဩစတြေးလျ နိုင်ငံသားတွေကို စော်ကားထားတာပဲလို့ မစ္စ ဖရွတ်ကီက ဆိုပါတယ်။

"ကျွန်မကိုယ်တိုင် မွတ်ဆလင် ရွှေ့ပြောင်းဝင်ရောက်သူ ဖြစ်တယ်၊ အခု ဆီးနိတ် အမတ် ဖြစ်လာပြီ။ ဖရေဆာ အဲန်နင်း ဘာတတ်နိုင်သလဲ" ဆိုပြီး မစ္စ ဖရွတ်ကီက ပြောပါတယ်။

Image caption သမိုင်းမှတ်တိုင် နှစ်ထပ်ကွမ်း စိုက်ထူ

ပါကစ္စတန်ကနေ ဩစတြေးလျကို ၁၉၉၂ မှာ မိသားစုနဲ့ အတူ ရွှေ့ပြောင်းလာတဲ့ မစ္စ ဖာရွတ်ကီဟာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (အဓိကကတော့ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဆိုင်ရာ နည်းပညာ) မှာ ပါရဂူ ဘွဲ့ရထားတဲ့ ဒေါက်တာ ဖြစ်ပါတယ်။

နိုင်ငံရေး လောကထဲ မဝင်ခင် အောင်မြင်တဲ့ ပညာရှင် အဖြစ် ရပ်တည် ခဲ့သူ ဖြစ်ပါတယ်။

၂ဝ၁၃ မှာတော့ ပြည်နယ်ပါလီမန် အမတ် အဖြစ် ရွေးကောက်ပွဲ ဝင် အနိုင်ရခဲ့ပါတယ်။

ဒါဟာ ဩစတြေးလျ နိုင်ငံရေး သမိုင်းမှာ မွတ်ဆလင် အမျိုးသမီး တစ်ယောက် ပထမဆုံး အကြိမ် ပါလီမန် အမတ် ဖြစ်လာခဲ့တာပါ။

နောက် ၅ နှစ် အကြာ အခုလို ဆီးနိတ် အမတ်ပါ ဖြစ်လာပြန်တော့ ဒေါက်တာ ဖရွတ်ကီ အနေနဲ့ စံချိန် နှစ်ထပ်ကွမ်း၊ သမိုင်းမှတ်တိုင် နှစ်ထပ်ကွမ်း စိုက်ထူလိုက် နိုင်တာပဲ ဖြစ်ပါတယ်။

Image caption ပါကစ္စတန်နိုင်ငံမှာ မွေးဖွားခဲ့သူ

လာမယ့် သီတင်းပတ်ထဲ ဆီးနိတ် လွှတ်တော်အမတ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မယ့် ဒေါက်တာ ဖရွတ်ကီဟာ သူ့ရဲ့ မလ ကနဦး နယူးဆောက်သ်ဝေးလ် ပြည်နယ် ပါလီမန်ထဲမှာတော့ နောက်ဆုံး နှုတ်ဆက် မိန့်ခွန်း ပြောခဲ့ပြီး ဖြစ်ပါတယ်။

သူ့ရဲ့ ပြည်နယ် ပါလီမန် အမတ် သက်တမ်းတလျှာက်မှာလည်း နိုင်ငံရေး ဆောင်ရွက်ချက်တွေ အပေါ် မမူတည်ပဲ လာရာမူလ နိုင်ငံ၊ အမျိုးအနွယ်နဲ့ အသားအရောင်တို့ပေါ် မူတည်ပြီး ကဲ့ရဲ့ လှောင်ပြောင်တဲ့ ဒဏ်တွေ ခံခဲ့ရတယ်လို့ မစ္စ ဖရွတ်ကီက ဆိုပါတယ်။

ခုလို ကင်ဘာရာမြို့တော် ပြည်ထောင်စု အဆင့် လွှတ်တော်ထဲ သူရောက်သွားတာဟာ လူဖြူမဟုတ်တဲ့ ဩစတြေးလျ နိုင်ငံသားတွေ အတွက် တွန်းအား ဖြစ်စေလာလိမ့်မယ်လို့ မစ္စ ဖရွတ်ကီက ပြောပါတယ်။