ကင်ဆာကို ကာကွယ်တဲ့ ဂေါ်ဖီထုပ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption စျေးချိုချိုနဲ့ ဝယ်ယူစားသုံးနိုင်တဲ့ ဂေါ်ဖီထုပ်ဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း ဝမ်းမြောက်ဖွယ်တွေ့ရှိရ

ဂေါ်ဖီ ခေါ် မုန်လာထုပ်၊ ဘရိုကိုလီ ခေါ် ပန်းမုံလာစိမ်း အပါအဝင် ဟင်းသီးဟင်းရွက်တချို့ဟာ အူကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက စမ်းသပ်တွေ့ရှိအတည်ပြုလိုက်ကြပါပြီ။

ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်တွေဟာ အူလမ်းကြောင်းအတွက် ကောင်းကျိုးပြုတဲ့အစာတွေ ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါကို အားလုံးက အငြင်းပွားသူမရှိ သဘောတူညီထားခဲ့ကြတာ ကြာလှပါပြီ။ ဒါပေမယ့် အူကင်ဆာ၊ အူမကြီးကင်ဆာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ အဆင့်အထိ သက်သေပြဖို့ကိုတော့ အရင်က နည်းနည်းအခက်တွေ့ခဲ့ကြပါတယ်။ သတင်းကောင်းကို ပြောရရင် အခုတော့ အတည်ပြုလိုက်နိုင်ပါပြီ။ ဘာ့ကြောင့် ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကိုလည်း အခုတော့ ချက်နဲ့လက်နဲ့ ကျကျနနရှင်းပြနိုင်ခဲ့ကြပါပြီ။

ဟင်းသီးဟင်းရွက်တွေ အစာခြေကြေညက်သွားချိန်မှာ ကင်ဆာဆန့်ကျင် ဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးကြောင်း Francis Crick Institute သုတေသန အဖွဲ့က သက်သေပြလိုက်နိုင်တာပါ။

ဟင်းသီးဟင်းရွက်ကို ဘာ့ကြောင့် ပိုစားသင့်သလဲလို့ မေးလာရင် အကြောင်းပြစရာ အချက်တွေ တပုံတပင်ပဲလို့ Cancer Research UK ကလည်း ပြောပါတယ်။

ဟင်းသီးဟင်းရွက်တွေဟာ အူနံရံကို ဘယ်လိုပြောင်းလဲပေးနိုင်ကြောင်းကို အဓိကထားပြီး Francis Crick Institute ကသုတေသနလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့သလို ဓာတ်ခွဲခန်းမှာ လုပ်ထားတဲ့ အူမကြီးပုံစံတူတွေနဲ့လည်း စမ်းသပ်ခဲ့ပါတယ်။

အစားအသောက်လား၊ အဆိပ်အတောက်လား

ခွံမာသီးစားရင် သုက်ပိုသန်စွမ်း

အူမကြီးနံရံရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေ အများအပြားရှိတဲ့အနက် တချက်က လူ့အရေပြားအလုပ်လုပ်ပုံနဲ့ ဆင်တူနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ အ ရေခွံလဲတတ်တဲ့ အချက်ပါ။ လူဟာ မြွေတွေလို အရေခွံလဲတတ်တယ်ဆိုရင် တချို့က အံ့သြကောင်း အံ့သြကြပါလိမ့်မယ်။ လူတွေရဲ့ လက်တွေ ခြေတွေမှာ အရေခွံကွာတာဟာ မြွေတွေ အရေခွံလဲတာနဲ့ သဘောသဘာဝချင်း အတူတူပါပဲ။ အူမကြီးရဲ့ နံရံမှာလည်း အဲသလိုပဲ အဟောင်းပြိုပျက်ပြီး အသစ်အစားထိုးတဲ့ ဖြစ်စဉ်ဟာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ အူနံရံ အသစ်လဲတယ်၊ အူနံရံ အပွေးတက်တယ်၊ အူနံရံ အသားနုတက်တယ် စသဖြင့် ခေါ်ဝေါ်ရင် မမှားဘူးထင်ပါတယ်။ အဲသလို အူနံရံအရေပါး အသစ်လဲတဲ့ ဖြစ်စဉ်ဟာ ၄ ရက် ၅ ရက်လောက်အချိန်ကြာပါတယ်။ ဒီအူနံရံ အရေပါး တောက်လျှောက် အသစ်လဲ အစားထိုးတဲ့ဖြစ်စဉ်ဟာ မှန်ကန်တဲ့ လုပ်ငန်းစဉ်ဖြစ်အောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အလုပ်လုပ်ပုံမမှန်ရင် ကင်ဆာဖြစ်နိုင်ပါတယ်။ အူရောင်နိုင်ပါတယ်။

အဲသလို ပုံမှန်အလုပ်လုပ်ရေးမှာ မုန်လာနွယ်ဝင် ဟင်းသီးဟင်းရွက်တွေက ထွက်တဲ့ ဓာတ်ပစ္စည်းဟာ မပါမဖြစ်လောက်အောင်ကို အရေးပါနေတယ်လို့ Immunity ဆေးပညာ ဂျာနယ်က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

Image caption ဒေါက်တာဘရိုကိုလီလို့ နာမည်ကြီးတဲ့ ဘရိုကိုလီ ခေါ် ပန်းမုန်လာစိမ်းဟာ ကင်ဆာကို ကာကွယ်ကြောင်း အတည်ပြုနိုင်ပြီ

မီးဖိုချောင်မှသည် ကင်ဆာကာကွယ်ရေးသို့

ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်တွေကို အစာခြေလိုက်တဲ့အခါမှာ အင်ဒိုးသရီးကာဘင်နော ဆိုတဲ့ ဓာတ်ပစ္စည်းထွက်ပါတယ်။ ဟင်းချက်တဲ့ အခါ အဲဒီ အင်ဒိုးသရီးကာဘင်နော ဓာတ်ကို မပျက်မစီးအောင်ထိန်းသိမ်းဖို့လိုပါတယ်။ ဘယ်လို ထိန်းသိမ်းရမလဲဆိုတော့ "အကျက်လွန်အောင် မချက်၊ မကြော်ပါနဲ့။ ဘရိုကိုလီလို့ခေါ်တဲ့ ပန်းမုံလာစိမ်းတွေကို ချက်ရင် ပျော့ဖတ်နွမ်းအိသွားအောင် မချက်ကြပါနဲ့။" လို့ သုတေသီ ဒေါက်တာ ဂီတစတော့ကင်ဂါက အကြံပေးပါတယ်။

ဂေါ်ဖီတို့ ဘရိုကိုလီတို့ကို စားလိုက်တဲ့အခါ အဲဒီမှာပါတဲ့ အင်ဒိုးသရီးကာဘင်နောဓာတ်ကို အစာအိမ်ထဲက အက်ဆစ်ကမွမ်းမံပြုပြင်လိုက်ပါတယ်။ အဲသလို မွမ်းမံပြုပြင်ပြီးနောက်မှာတော့ သူဟာ အစာခြေစနစ်အတိုင်း ဆက်လက်ခရီးနှင်ပါတယ်။

အူမကြီးအောက်ပိုင်းကိုရောက်သွားတဲ့အခါ အဲဒီအာဟာရဟာ ပင်မကလာပ်စည်း stem cell ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ ဟန်ပန်ကို ပြုပြင်ပြောင်းလဲပေးပါတယ်။

ပင်မကလာပ်စည်းဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ သန္ဓေသားပထမအဆင့်မှာတွေ့ရတတ်တဲ့ ကလာပ်စည်းမျိုးပါ။ အဲဒီပင်မကလာပ်စည်းကနေ လူ့ခန္ဓာကိုယ်ရဲ့ တခြား အင်္ဂါ အသီးသီးက ကလာပ်စည်းတွေကို ဆင့်ပွားထုတ်လုပ်နိုင်လို့ သူ့ကို ပင်မကလာပ်စည်းလို့ ခေါ်ပါတယ်။

ပင်မကလာပ်စည်းတွေဟာ အူနံရံအသစ်လဲတာကိုလုပ်သလို ရောင်ရမ်းခြင်းကို ထိန်းတဲ့ ခုခံအားကလာပ်စည်းတွေ အသစ်လဲတာကိုလည်း လုပ်ပါတယ်။

Image caption ကေးလ် အရွက်ဟာလည်း ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်ဖြစ်ပြီး အင်ဒိုးသရီးကာဘင်နောဓာတ်ထုတ်လုပ်ပေးနိုင်

သုတေသနပြုလေ့လာချက်တွေအရ အင်ဒိုးသရီးကာဘင်နော ဓာတ်ကြွယ်ဝတဲ့ အစာတွေဟာ ကြွက်တွေကို ကင်ဆာမဖြစ်အောင် အကာအကွယ်ပေးတာတွေ့ရပါတယ်။ မျိုးဗီဇအရ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အဲသလိုကြွက်တွေကိုတောင်မှ အင်ဒိုးသရီးကာဘင်နောက အကာအကွယ်ပေးသွားတာကို တွေ့ရပါတယ်။

အင်ဒိုးသရီးကာဘင်နောဓာတ်နဲ့ အကာအကွယ်ပေးမထားတဲ့အခါမှာတော့ အူအတွင်းက ကလာပ်စည်းတွေဟာ ထိန်းမရဘဲ ပြိုကွဲကုန်တာကို တွေ့ရပါတယ်။

"ကင်ဆာ အဖုအကျိတ်ထွက်စပြုတဲ့ ကြွက်တွေကိုတောင် ဟင်းသီးဟင်းရွက်ထည့်ကျွေးပြီး အင်ဒိုးသရီးကာဘင်နော ဓာတ်ရအောင် လုပ်ပေးလိုက်တဲ့အခါ အဖုအကျိတ်ဟာ ဆက်ကြီးမလာတော့ဘဲ ရပ်သွားတာတွေ့ရပါတယ်" လို့ ဒေါက်တာ စတော့ကင်ဂါက ပြောပါတယ်။

အူကင်ဆာဖြစ်ခဲ့ရင်

  • မစင်ထဲမှာသွေးပါတာကို ရပ်အောင်လုပ်ဖို့ခက်ခဲတာ
  • အူလမ်းကြောင်းရဲ့ အလုပ်လုပ်ပုံမူမမှန်တာ၊ အိမ်သာ ခဏခဏတက်ရတာမျိုး
  • ဗိုက်နာတာ၊ ဗိုက်တင်းပြည့်အင့်ပြီး မအီမသာဖြစ်တာမျိုး

စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ဒေါက်တာ ဂီတ စတော့ကင်ဂါ ကတော့ အခုထွက်လာတဲ့ ရလဒ်ကို ကျေနပ်အားရနေပါလေရဲ့။ သူဟာ အခုဆိုရင် အစာကိုလျှော့စားပြီး ဟင်းသီးဟင်းရွက်များများစားနေတယ်လို့ ပြောပါတယ်။

"ပန်းမုံလာစိမ်းနဲ့ ဂေါ်ဖီထုပ်လို ဟင်းသီးဟင်းရွက်တွေမှာ ဖိုင်ဘာပါတယ်ဆိုတာကို ကျွန်တော်တို့ စောစောကတည်းကသိခဲ့ကြပြီးသားပါ။ အခုတော့ သူတို့ဟာ အူကင်ဆာအန္တရာယ်ကိုပါလျှော့ချပေးနိုင်ကြောင်း အခုကြွက်တွေနဲ့ စမ်းသပ်ချက်အရ သိလိုက်ရပါပြီ။ အဲဒီဓာတ်ပစ္စည်းဟာ လူတွေမှာလည်း ကြွက်နဲ့ တန်းတူ အကျိုးသက်ရောက်မှုရှိမရှိဆိုတာကို နောက်ထပ်စမ်းသပ်ချက်တွေ လုပ်ပြီးရင် တိတိကျကျသိရပါမယ်။ လောလောဆယ်သိရသလောက်ကို ပြောရမယ်ဆိုရင်လည်း ဟင်းသီးဟင်းရွက်ကို များများစားသင့်ကြောင်းကိုတော့ ကျိုးကြောင်းချက်လက်နဲ့တကွ သိလိုက်ရပါပြီ" လို့ Cancer Research UK အဖွဲ့က ပါမောက္ခ တင်မ်ကီးကပြောပါတယ်။