ခွေးလေခွေးလွင့်တွေဝိုင်းကိုက်လို့ ကလေးတယောက်သေဆုံး

Image caption ရန်ကုန်လမ်းမပေါ်မှာ ကျက်စားနေကြတဲ့ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေ

ပျော်ဘွယ်မြို့နယ်က ဒီးဒုတ်ကုန်းရွာမှာ ၄နှစ်အရွယ် မိန်းကလေးငယ်ကို ပိုင်ရှင်မဲ့ခွေး၅ကောင်က ဝိုင်းကိုက်လို့ သေဆုံးသွားခဲ့ပါတယ်။

သြဂုတ်လ ၁၄ ရက် မနက် ၉ နာရီ ပတ်ဝန်းကျင်မှာ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ဒီးဒုတ်ကုန်းကျေးရွာက အသက် ၄ နှစ်အရွယ် မဖူးဝေအောင်ဟာ သူ့အိမ်အနီးနား ကိုက် ၅၀ လောက်အကွာက ဓမ္မာရုံကိုထွက်လာခဲ့ပါတယ်။ သူ့မိဘတွေကို ဓမ္မာရုံမှာ လာပြီးရှာတာပါ။

ဓမ္မာရုံရှေ့အရောက်မှာတော့ သူ့မိဘတွေကို ရှာမတွေ့ဘဲ မမျှော်လင့်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်တိုးခဲ့ပါတယ်။ ဓမ္မာရုံအနီးမှာရှိတဲ့ ခွေးတွေရဲ့ ရန်ပြုခြိမ်းခြောက်မှုကို ကြုံတွေ့ရတာဖြစ်ပါတယ်။ ခွေး ၅ ကောင် ဝိုင်းကိုက်ကြလို့ ၄ နှစ်အရွယ် အဲဒီကလေးငယ်ဟာ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေ အကြီးအကျယ်ရခဲ့ပါတယ်။ တကိုယ်လုံးနေရာအနှံ့အပြားမှာလည်း ခွေးကိုက်ဒဏ်ရာတွေ ပြည့်နှက်သွားခဲ့ပါတယ်။

ဓမ္မာရုံအရှေ့ ငရုပ်ခင်းထဲက ဦးမိုးလွင်နဲ့ ဒေါ်လှရီက လှမ်းမြင်ပြီး ခွေးကိုက်နေပြီ၊ ခွေးကိုက်နေပြီလို့ ဝိုင်းအော်မှ မိဘတွေကသိပြီး ရောက်လာခဲ့ကြပါတယ်။

ကလေးကို ယင်းတော်တိုက်နယ်ဆေးရုံကို ပို့ခဲ့ပေမယ့် ဆေးရုံရောက်ပြီးနောက် မနက် ၁၁ နာရီကျော်ကျော်လေးမှာ ကလေးသေဆုံးသွားခဲ့ပါတယ်။ ကလေးဟာ ခွေးကိုက်တဲ့ဒဏ်ရာနဲ့ သွေးထွက်လွန်သေဆုံးသွားခဲ့တာပါ။

ယင်းတော်နယ်မြေ ရဲကင်းရဲ့ ရဲကင်းမှူး ဒုရဲအုပ်အောင်စိုးကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ ကလေးဟာ ခွေးကိုက်ခံရပြီး သေဆုံးခဲ့တာမှန်ကြောင်း အတည်ပြုပါတယ်။ ကိုက်တဲ့ခွေးတွေရဲ့ပိုင်ရှင်ကို မေးရာမှာတော့ ဓမ္မာရုံအနီးမှာနေတဲ့ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေလို့ ဒုရဲအုပ်အောင်စိုးက ဖြေပါတယ်။

အခုလောလောဆယ် သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၈နဲ့ပျော်ဘွယ်မြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ ရဲအုပ် အောင်စိုးကပြောပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ ခွေးလေခွေးလွင့် အများအပြားရှိပါတယ်။ ခွေးလေခွေးလွင့်တွေကြောင့် ခွေးကိုက်ခံရတဲ့ အဖြစ်အပျက်မျိုးတွေလည်း မြန်မာနိုင်ငံ တဝန်းမှာ မကြာခဏကြုံတွေ့ရလေ့၊ ကြားရလေ့ရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုး ခွေးလေခွေးလွင့်တွေ ဝိုင်းဝန်းကိုက်ခဲကြလို့ ကလေးငယ်တယောက် သေဆုံးရပြီး ဟိုးလေးတကြော် လူသိထင်ရှားဖြစ်တဲ့ ဖြစ်စဉ်မျိုးကတော့ သိပ်မများလှပါဘူး။

ခွေးရူးရောဂါရတဲ့ ခွေးတွေ အကိုက်ခံရပြီး လူသေဆုံးမှုကတော့ တောရောမြို့တွေမှာပါ အဖြစ်များပါတယ်။

Image caption သားပေါက်တာကို မထိန်းချုပ်နိုင်တဲ့ အတွက် ပိုမိုများပြားလာ

မြန်မာနိုင်ငံမှာ ခွေးအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ ဥပဒေ ပြဋ္ဌာန်းထိန်းကျောင်းမှု အားနည်းနေပါသေးတယ်။ ခွေးတွေကို မှတ်ပုံတင်တဲ့စနစ် မရှိသေးပါဘူး။ ခွေးကို ခွေးရှင်မပါဘဲ အိမ့်အပြင်မလွှတ်ရဘူးဆိုတဲ့ ဥပဒေမျိုးလည်း ပြဋ္ဌာန်းထားတာမရှိသေးပါဘူး။ ခွေးတွေကို ခွေးရူးကာကွယ်ဆေးနဲ့ တခြားကာကွယ်ဆေးတွေ မထိုးမနေရ ဥပဒေ ပြဋ္ဌာန်းထားတာမျိုးလည်း မရှိသေးပါဘူး။ ခွေးတွေ လမ်းပေါ်မှာ အညစ်အကြေးစွန့်ရင် ခွေးရှင်က တာဝန်ယူရှင်းလင်းရမယ်ဆိုတဲ့ ဥပဒေမျိုးလည်း မရှိပါဘူး။ မွေးထားတဲ့ခွေးက လူစိမ်းကို ကိုက်ရင် အိမ်ရှင်ကို အရေးယူမယ်ဆိုတဲ့ ဥပဒေမျိုးကိုတောင် တိတိကျကျပြဋ္ဌာန်းထားတာမျိုးမရှိပါဘူး။ ခွေးကကိုက်တာ ခွေးရှင်မှာ အပြစ်မရှိဘူးလို့လည်း ခွေးပိုင်ရှင်တော်တော်များများက ယူဆကြတာမျိုး ရှိပါတယ်။ ခွေးက လမ်းပေါ်ထွက်ကိုက်ရင်တောင်မှ ခွေးရှင်က တာဝန်ယူတာမျိုး အလွန်အားနည်းနေပါသေးတယ်။

လမ်းပေါ်မှာ၊ ရပ်ကွက်ထဲမှာ၊ အမှိုက်ပုံမှာ၊ ဓမ္မာရုံမှာ ကျင်လည်ကျက်စားနေတဲ့ ပိုင်ရှင်မဲ့ခွေးတွေကို ဘယ်လို ရှင်းလင်းမလဲဆိုတဲ့ ကိစ္စဟာလည်း အငြင်းအခုံဖြစ်လေ့ရှိတဲ့ အကြောင်းအရာတခုပါ။

ခွေးတွေကို အမဲသားတုံးမှာ အဆိပ်ခပ်သတ်ဖြတ်တာဟာ သိပ်ရက်စက်တယ်လို့ ခွေးချစ်သူတွေ၊ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်လေ့ရှိပါတယ်။

မန္တလေးက တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာကျော်ထင်ကတော့ မြို့ပေါ်မှာ ဆိုရင် ခွေးလေခွေးလွင့်ပြဿနာဟာ စည်ပင်သာယာက တာဝန်ယူဖြေရှင်းရမယ့် အကြောင်းအရာလို့ ဆိုပါတယ်။ တိရစ္ဆာန်ထောင်ဖွင့်ပြီး ခွေးလေခွေးလွင့်တွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုးလုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။ ခွေးမွေးချင်တဲ့သူက တိရစ္ဆာန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ခွေးကို တောင်းယူမွေးမြူချင်မွေးမြူနိုင်တယ်လို့ သူကဆိုပါတယ်။ တိရစ္ဆာန်ချစ်သူတွေကလည်း လိုချင်ရင် လာရောက်တောင်းယူမွေးမြူနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိရစ္ဆာန်ချစ်သူတွေကလည်း တောင်းယူပြီး လမ်းပေါ်ပြန်လွှတ်တာမျိုး မလုပ်ဖို့ ဥပဒေနဲ့ ထိန်းကျောင်းဖို့လိုပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း အလားတူဆောင်ရွက်တာမျိုး ရှိပါတယ်။

ခွေးတွေကို အဲသလိုနည်းနဲ့ ထိန်းသိမ်းဖို့ မဖြစ်နိုင်လောက်အောင် များပြားလွန်းရင်လည်း အမဲသားတုံးကျွေးပြီး အဆိပ်ခပ်သတ်ဖြတ်တာက လမ်းပေါ်မှာ ခွေးသေတွေ မြင်နေရပြီး လူမြင်မတင့်တယ်တဲ့ အတွက် အမဲတုံးပစ်မယ့်အစား ဖမ်းဆီးပြီး လျှပ်စစ်ရှော့တိုက်သတ်တာမျိုး၊ ဆေးထိုးသတ်တာမျိုးကို အစားထိုး ဆောင်ရွက်သင့်တယ်လို့လည်း ဒေါက်တာကျော်ထင်က ပြောပါတယ်။