ကိုဖီအာနန်ရဲ့ ပုံရိပ်လွှာ

ကိုဖီအာနန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ပိုမျှတတဲ့ ပိုငြိမ်းချမ်းတဲ့ ကမ္ဘာဖြစ်အောင် ဖန်တီးလိုသူ လို့ သူနဲ့နီးစပ်သူတွေ က ချီးကျူး

ဂါနာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ သူဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရာထူးလို နိုင်ငံတကာ အဆင့်မြင့် သံတမန် တာဝန် ကို အာဖရိကန် လူမဲ တွေထဲက ပထမဆုံး ရယူနိုင်ခဲ့တဲ့သူပါ။

၁၉၉၇ နဲ့ ၂၀၀၆ ခုနှစ်တွေကြား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန် သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းကြီး ကို ပြန်ပြီးသန်စွမ်းလာအောင် လုပ်ပေးခဲ့တဲ့ အတွက် ၂၀၀၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို သူ ရရှိခဲ့ပါတယ်။

သူ ကုလသမဂ္ဂ အကြီးအကဲ တာဝန်ယူချိန် ကာလမှာ အီရတ် စစ်ပွဲ လို အကျပ်အတည်း နဲ့ အိတ်ချအိုင်ဗွီ၊ အေအိုင်ဒီအက်စ ပြဿနာတွေ ကမ္ဘာတလွှားမှာ များနေတဲ့အချိန် ကာလပါ။

ကုလသမဂ္ဂအတွက်တာဝန်ထမ်းဆောင်တဲ့နေရာမှာ သူဟာ နိုင်ငံ အသီးသီး ကအစိုးရ တွေ အတွက် သာ မဟုတ်ပဲ ကမ္ဘာပေါ် က လူသားတွေအားလုံးအတွက် တာဝန်ယူတဲ့ စိတ်ထားမျိုးနဲ့ တာဝန်ယူခဲ့တဲ့အကြောင်း သူ့အနားမှာ တာဝန်ထမ်းဆောင်ပေးဖူးတဲ့ သူ့ရဲ့ ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ဒါရိုက်တာဟောင်း မစ္စတာ အက်ဒဝပ် မော်တီမာ က ပြောပြပါတယ်။

မစ္စတာ ကိုဖီအာနန် ဟာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တုံး က ထောင်စုနှစ် ညီလာခံကို ဦးစီးကျင်းပပေးခဲ့ပြီး အဲဒီ ညီလာခံမှာ နာမည်ကျော် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် တွေ ကို ချမှတ်နိုင် ခဲ့တဲ့အကြောင်း လည်း မစ္စတာမော်တီမာ က သူနဲ့ပတ်သက်လို့ အမှတ်တရ ပြောပြပါတယ်။

မစ္စတာ ကိုဖီအာနန် ကိုယ်တိုင် ကလည်း သူ့ရဲ့ လုပ်ဆောင်ချက်တွေ ထဲက အောင်မြင်မှု အဖြစ်ဆုံး အလုပ်ကို မေးခဲ့ကြတုံးက အဲဒီ ထောင်စုနှစ် ရည်မှန်းချက်များကို ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် ချမှတ်နိုင်ခဲ့တာ ကို သူ ဂုဏ်ယူစွာနဲ့ ပြန်ဖြေခဲ့ဖူးပါတယ်။

အဲဒီ ရည်မှန်းချက်တွေ က ကမ္ဘာပေါ်က ဆင်းရဲမွဲတေမှုတွေ၊ ကလေးသူငယ်တွေ သေဆုံးနှုန်းများနေတာတွေ စတဲ့အရေးတွေ အပါအဝင် လူသန်းပေါင်းများစွာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာ အနေနဲ့ စုပေါင်း အဖြေရှာဖို့ ရည်ရွယ်ခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

၁၉၉၈ ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှု အမှတ်တရ အခမ်းအနား ကို သွားစဉ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သူဟာ နိုင်ငံတကာအရေးတွေတင် မဟုတ်ပါဘူး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကမ်းလှမ်းဖိတ်ခေါ်ချက် အရ ရခိုင်ပြည်နယ် က အကျပ်အတည်း အရေး နဲ့ ပတ်သက်ပြီး အကြံပေး ကော်မရှင် ကို ဦးဆောင်လုပ်ကိုင် ပေးခဲ့တာပါ။

သူတို့ ကော်မရှင်ရဲ့ အစီရင်ခံစာ ထဲမှာတော့ ရခိုင်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ မွတ်ဆလင် တွေကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့၊ နိုင်ငံသား ဖြစ်ထိုက်တဲ့ သူတွေကို နိုင်ငံသား ခံယူခွင့် ပေးဖို့ စတဲ့ အကြံဉာဏ် တွေ ပြုတာ အပါအဝင် ရခိုင်ပြည်နယ်အရေး ကို ဖြေရှင်းပေးနိုင်ဖို့အရေး ကြိုးပမ်းပေးခဲ့ပါတယ်။

အသက် ၈၀ အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ကိုဖီအာနန် ဟာ နိုင်ငံတကာ အရေးကိစ္စတွေမှာ ကြီးကျယ်တဲ့တာဝန်ကို ယူခဲ့တဲ့ သူတယောက်မို့ သူ့ဟာ ဝေဖန်ခံရတာမျိုးတွေ လည်းကြုံခဲ့ရပါတယ်။

သူ ကုလသမဂ္ဂမှာ ရှိစဉ် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှု ကို ကုလသမဂ္ဂ အနေနဲ့ မတားဆီးနိုင်တာ နဲ့ ပတ်သက်လို့ အဝေဖန် အကြီးအကျယ် ခံခဲ့ရတာပါ။

သူ ကတော့ ခေါင်းမာတဲ့ အကောင်းမြင်သမားလို့ သူ့ကိုယ်သူ မြင်ကြောင်း ပြောခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် က ထွက်ပြီးတဲ့နောက်မှာလည်း ဆီးရီးယား ပဋိပက္ခကို ငြိမ်းချမ်းဖို့အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ဆောင်ရွက် ပေးခဲ့သလို ၊ ကမ္ဘာတလွှားမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး သူ့ ကိုယ်ပိုင် အဖွဲ့အစည်းတခု ကို တည်ထောင် လုပ်ကိုင် ပေးသွားခဲ့တာမို့ သူ့ရဲ့ စွမ်းဆောင်ချက်တွေ ကို လူအများအပြား က အောက်မေ့ နေကြမှာပါ။