အီဂျစ်မှာတွေ့ခဲ့တဲ့ အဖြူတုံးကြီး နှစ် ၃၀ဝ၀ ကျော်က ဒိန်ခဲဖြစ်နေ

အီဂျစ်

ဓာတ်ပုံ ရင်းမြစ်, UNIVERSITY OF CATANIA AND CAIRO UNIVERSITY

ဓာတ်ပုံ ပုံစာ,

ကမ္ဘာ့ သက်တမ်း အရင့်ဆုံး အတုံးအခဲလိုက် တွေ့ရတဲ့ ဒိန်ခဲ ဖြစ်နိုင်

အီဂျစ်နိုင်ငံက ရှေးကျတဲ့ သင်္ချိုင်းဂူ တခုမှာ ကွဲနေတဲ့ အိုးတလုံးအတွင်း ရှေးဟောင်းသုတေသီတွေ တွေ့ရှိခဲ့တဲ့ အဖြူရောင်သန်းနေတဲ့ အတုံးအခဲကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂၀ဝ က ဒိန်ခဲတုံးဖြစ်တယ်လို့ အီတလီနိုင်ငံ ကတားနီးယား တက္ကသိုလ်နဲ့ အီဂျစ်ပညာရှင်တွေ ပူးပေါင်းလေ့လာရာက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါဟာ ရှေးဟောင်း အီဂျစ်ကို လေ့လာရင်း ပထမဆုံး တွေ့ရတဲ့ ဒိန်ခဲ ဖြစ်ပြီး ကမ္ဘာ့ သက်တမ်း အရင့်ဆုံး အတုံးအခဲလိုက် တွေ့ရတဲ့ ဒိန်ခဲ ဖြစ်နိုင်တယ်လို့ ကတားနီးယား တက္ကသိုလ်က ဓာတုဗေဒ ပါမောက္ခ ဒေါက်တာ အန်ရီကို ဂရက်ကို က ပြောပါတယ်။

ဒီ ဒိန်ခဲတုံးဟာ သိုးနဲ့ ဆိတ်နို့က လုပ်ထားတာလို့ ပြောနိုင်ပေမယ့် ဘယ်လို အရသာ ရှိနိုင်မလဲ ဆိုတာကတော့ မှန်းကြည့်ဖို့ ခက်မယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UNIVERSITY OF CATANIA AND CAIRO UNIVERSITY

ဓာတ်ပုံ ပုံစာ,

ဒီ ဒိန်ခဲတုံးဟာ သိုးနဲ့ ဆိတ်နို့က လုပ်ထားတာလို့ ပြောနိုင်ပေမယ့် ဘယ်လို အရသာ ရှိနိုင်မလဲ ဆိုတာကတော့ မှန်းကြည့်ဖို့ ခက်မယ်

ဒီ ဒိန်ခဲဟာ chèvre လို့ ခေါ်တဲ့ ဆိတ်နို့နဲ့ လုပ်တဲ့ ဒိန်ခဲနဲ့ အရသာ ဆင်တူနိုင်ပေမယ့် အက်ဆစ် ဓာတ်များပြီး တော်တော် ချဉ်တဲ့ အရသာ ရှိနိုင်တယ်လို့ ဒိန်ခဲတွေရဲ့ ဓာတုဗေဒ ဖွဲ့စည်းပုံနဲ့ သမိုင်းကြောင်းကို လေ့လာနေတဲ့ အမေရိကန် ဗမွန့် တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ပေါလ် ကင်းစတက်ဒ်က ပြောပါတယ်။

အဲဒီ ဒိန်ခဲထဲမှာ ဘရူဆယ်လိုးစစ်လို့ ခေါ်တဲ့ အပူပေးပြီး ပိုးသတ်မထားတဲ့ နို့ထွက် ပစ္စည်းတွေ စားမိရင် ဖြစ်တဲ့ရောဂါရဲ့ ဘက်တီးရီးယားပိုးတွေ ရှိခဲ့တဲ့ အရိပ်အယောင်တွေလည်း တွေ့ရတယ်လို့ စမ်းသပ် ဖော်ထုတ်ခဲ့တဲ့ သုတေသီတွေက တွေ့ပါတယ်။

အဲဒီ ရောဂါဟာ လက်ရှိ ခေတ်မှာ ဆက်လက် ဖြစ်ပွားနေတဲ့ ရောဂါဖြစ်ပြီး အဲဒီ ပိုးတွေ ဒီဒိန်ခဲထဲမှာ ရှိခဲ့ကြောင်းသာ သေချာခဲ့ရင် ဒါဟာ ဒီရောဂါ ဖြစ်ပွားမှုရဲ့ အစောဆုံး သက်သေ ဖြစ်မယ်လို့လည်း ဆိုပါတယ်။

ရှေးဟောင်း အီဂျစ်ရဲ့ မန်းဖစ်စ် မြို့တော်ဝန် ဖတားမက်စ်ရဲ့ သင်္ချိုင်းဂူမှာ အဲဒီ ဒိန်ခဲတုံးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

အီဂျစ်မှာ ရှေးဟောင်း ဂူသင်္ချိုင်းတခုတွေ့

ဖတားမက်စ်ဟာ ခရစ်တော်မပေါ်မီ ၁၃ ရာစု နှောင်းပိုင်းမှာ အီဂျစ်ကို အုပ်ချုပ်ခဲ့တဲ့ ဖာရိုးဘုရင် ဆက်တီ (၁) ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့သူလည်း ဖြစ်ပါတယ်။

ဖတားမက်စ်ရဲ့ သင်္ချိုင်းဂူကို ၁၈၈၅ ကတည်းက အီဂျစ်မြို့တော် ကိုင်ရိုအနီး ဆက်ကာရာ မြို့ဟောင်း နေရာမှာ တွေ့ရှိခဲ့ပေမယ့် သဲကန္တာရ အနေအထား ရွှေ့လျားမှုကြောင့် ပြန်ဖုံးသွားလို့ မတွေ့ရတော့ပဲ ၂၀၁၀ ရောက်မှ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

မကြားသေးခင်ကလည်း နှစ်ပေါင်း ၃၇၀ဝ အထိ သက်တမ်း ရှိနိုင်မယ့် အီဂျစ် က မပုပ်မသိုးအောင် စီမံထားတဲ့ မမ်မီ ရုပ်အလောင်း တခုကို အီတလီမှာ ဓာတ်ခွဲ စစ်ဆေးရာမှာ အလောင်း ကြာကြာခံအောင် ဘာတွေ သုံးသလဲ ဆိုတာကို ခန့်မှန်း ထုတ်ဖော်နိုင်ခဲ့ပြီး နှမ်းဆီ၊ ဘယ်လ်ဆမ်လို့ ခေါ်တဲ့ မျိုးနွယ်ဝင် အပင်တခုရဲ့ အမြစ်၊ အကေးရှား ပင်က ရတဲ့ သဘာဝ သကြားတမျိုးနဲ့ ကိုနီဖာလို့ ခေါ်တဲ့ အပင်ရဲ့ အစေးတမျိုးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ,

အီဂျစ်က ကမ္ဘာ့အကြီးဆုံး ရှေးဟောင်း သုတေသနပြတိုက်