မလေးရှားမှာ ရေဒီယို သတ္တိကြွ ပစ္စည်း ပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရေဒီယို သတ္တိကြွပစ္စည်း ပျောက်ဆုံး

ဩဂုတ်လ ၁၀ ရက်နေ့ က အဲဒီ ရေဒီယို သတ္တိကြွ ပစ္စည်း ပါဝင်တဲ့ သတ္တုပုံး ကို ကားတစီး ပေါ် တင်ဆောင် လာခဲ့ပြီး ကွာလာလမ်ပူ မြို့ ကနေ တခြား ပြည်နယ် တခု ဖြစ်တဲ့ ရှား အလမ်း ပို့ဆောင်ရာကနေ လမ်းမှာ ပျောက်ဆုံး သွားခဲ့တာပါ။

ဓါတ်မှန် ရိုက်ကူး တဲ့ စက်မှာ တပ်ဆင် အသုံးအပြုတဲ့ သတ္တု ပုံး ကို ရောင်းချဖို့ ဖြစ်ဖြစ်၊ တခြား နေရာ ရွှေ့ပြောင်းဖို့ ဖြစ်ဖြစ် တစစီ ဖြုတ်တာတို့၊ ဖျက်ဆီး လိုက်တာ တို့ လုပ်ဆောင်ခဲ့မယ် ဆိုရင် ရေဒီယို သတ္တိကြွ ပစ္စည်း တွေဟာ ပြင်ပ ကို ပျံ့နှံ့ ရောက်ရှိသွားမှာ ကိုလည်း တာဝန် ရှိသူတွေ က စိုးရိမ် နေပါတယ်။

နောက်ပြီး အဲဒီ အထဲမှာ ပါတဲ့ ရေဒီယို သတ္တိကြွ ပစ္စည်း တွေဟာ မသမာသူ အကြမ်းဖက် သမားတွေ ရဲ့ လက်ထဲကို ရောက်သွားခဲ့ရင်လည်း ပေါက်ကွဲအား ပြင်းထန် တဲ့ ဗုံး တစ်လုံး အဖြစ် အသွင်း ပြောင်း လိုက်မှာ ကိုလည်း စိုးရိမ် နေရပါတယ်။

အဲဒီ ရေဒီယို သတ္တိကြွ ပစ္စည်း ပါဝင်တဲ့ သတ္တုပုံး ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီဟာ စက်သုံးဆီ နဲ့ သဘာဝ ဓါတ်ငွေ့ တွေကို စမ်းသပ် စစ်ဆေးမှု လုပ်ငန်းတွေကို ဆောင်ရွက် ပေးတဲ့ ကုမ္ပဏီ တခု က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

၂၃ ကီလို အလေးချိန်ရှိတဲ့ သတ္တုပုံး ကို သံမဏိတွေကို ထွင်းဖောက်တဲ့ လုပ်ငန်း ဆောင်ရွက်ရာမှာ သုံးတဲ့ စက်ထဲမှာ ထည့်သွင်း အသုံးချ တယ် လို့လည်း ဆိုပါတယ်။ ဒါပေမယ့် လုံခြုံရေး အခြေအနေ အရ ကုမ္ပဏီရဲ့ နာမည် ကို တော့ ထုတ်ဖော် ပြောဆို တာမျိုး မလုပ်သေးပါဘူး။

လောလောဆယ်မှာ သတ္တုပုံး သယ်ဆောင်ရာမှာ အသုံးပြုတဲ့ ကားကို မောင်းနှင်ခဲ့တဲ့ မလေးရှား နိုင်ငံသား ၂ ဦး ကိုတော့ အမှု ဖြစ်စ မှာ ဖမ်းဆီး မေးမြန်း ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အာမခံနဲ့ ပြန်လွှတ် ပေးထားတယ်လို့ ရှား အလမ်း ပြည်နယ် ရဲမှူးကြီး မိုဟာမက် ဖူဇီ ရာဟွန်း က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြို့အဝင် အထွက်တွေမှာ ရှာဖွေ စစ်ဆေးမှုတွေ ရှိ

မလေးရှား သတင်းတွေ ထဲမှာတော့ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ပါဝင်တဲ့ သတ္တုပုံး ကို ကွာလာလမ်ပူ ကနေ ရှားအလမ်း ပြည်နယ် ကို အသွား ကား နောက်ခန်း ထဲမှာ ထည့်ပြီး သယ်ဆောင် လာရာ ကနေ ပျောက်ဆုံး သွားခဲ့တာ ဖြစ်တယ်လို့ ပြောဆို နေပါတယ်။

မြို့တွင်း မြို့ပြင် ပိတ်ဆို့ ရှာဖွေနေမှုတွေ ရှိပေမယ့် အထူး တလည် ရှာဖွေ တာမျိုး မဟုတ်ဘဲ သာမန် လုပ်ရိုး လုပ်စဉ် ဖြစ်တဲ့ အထောက်အထား မဲ့ နိုင်ငံခြားသား အလုပ်သမား တွေကို ရှာဖွေ နေမှု ပုံစံမျိုးပဲ လုပ်ဆောင် နေကြောင်း မလေးရှား နိုင်ငံ သီတဂူ အထောက်အကူပြု အဖွဲ့ ခေါင်းဆောင် ကိုသီဟမောင်မောင် က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ရေဒီယို သတ္တိကြွ ပစ္စည်း ရေဒီယမ် ပါဝင်တဲ့ သတ္တုပုံးဟာ အခိုး ခံရတာလား၊ ကားမောင်းနေရင်း နောက်ခန်း ထဲ ကနေ ပြုတ်ကျ သွားတာ လား ဆိုတာကလည်း ရှင်းရှင်းလင်း မရှိသေးပါဘူး။

အီရီဒီယမ် ၁၉၂ ကီလိုဂရမ် ပါဝင်တဲ့ သတ္တုပုံး ပျောက်ဆုံးသွားခဲ့တာ မှန်ပေမယ့် လက်ရှိ အချိန်မှာတော့ အခြေအနေ အားလုံးကို ထိန်းသိမ်း ထားနိုင်တယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီး အဇစ် ဂျန်မန် က ပြောပါတယ်။

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ အဖွဲ့ က ထုတ်ပြန် ချက် အရ သတ္တု ဒြပ်စင် အီရီဒီယမ် ၁၉၂ ကီလိုဂရမ် ကို နာရီပေါင်းများစွာ ကိုင်တွယ် ခဲ့မယ် ဆိုရင် ဓါတ်ရောင်ခြည်သင့်တဲ့ ဒဏ် ကို တသက်လုံး ခံစား ရနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ