ရုရှား နဲ့ပတ်သက်တဲ့ စုံစမ်းမှု ကို ထရမ့် ရှေ့နေဟောင်း ထွက်ဆိုဖို့ အသင့်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထရမ့် နဲ့ ပတ်သက်ခဲ့တယ်လို့ ပြောဆို နေကြတဲ့ အပြာမယ်တွေနဲ့ သူ့ရဲ့ ရှေ့နေဟောင်း

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ ရှေ့နေ ဟောင်း ဖြစ်သူ မိုက်ကယ် ကိုဟင် ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှား နဲ့ ပူးပေါင်း ကြံစည် ခဲ့သလား ဆိုတဲ့ စုံစမ်း စစ်ဆေး နေမှု ကို သူ့ အနေနဲ့ ထွက်ဆိုချက် ပေးဖို့ အသင့်ပဲလို့ ပြောဆို ခဲ့ပါတယ်။

ထရမ့် ရဲ့ ရှေ့နေဟောင်း ဖြစ်သူဟာ အင်္ဂါနေ့ တုန်း က ရွေးကောက်ပွဲ အသုံး စားရိတ် ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက် ခဲ့ကြောင်း ဝန်ခံခဲ့ ပြီး နောက်မှာ ထရမ့် ရဲ့ အကြောင်း သူ သိသမျှ ပြောပြ ဖို့ အသင့်ပဲလို့ သူ့ရဲ့ ရှေ့နေ က တဆင့် ပြောဆို လိုက်တာပဲ ဖြစ်ပါတယ်။

ဒီလို ပြောဆိုပြီးနောက်မှာ အိမ်ဖြူတော် ဘက်ကလည်း သတင်းစာ ရှင်းလင်း ပွဲ လုပ်ခဲ့ပြီး သမ္မတ ရဲ့ ရှေ့နေဟောင်း ဖြစ်သူ မစ္စတာ ကိုဟင် ရဲ့ ပြောဆိုမှုဟာ သမ္မတ အပေါ်မှာ ဘာမှ သက်ရောက် မှု မရှိဘူးလို့ ငြင်းဆို ခဲ့ပါတယ်။

အမှားအယွင်း တခု မှ မလုပ်ထားဘူး ဆိုတာကို သမ္မတ က အကြိမ်ကြိမ် ပြောခဲ့ပြီးသားပါ။ ဒီ ကိစ္စ မှာ သူ့ကို စွပ်စွဲ ထားတာလည်း မရှိပါဘူး။ မိုက်ကယ် ကိုဟင် ရဲ့ ဝန်ခံမှု ဟာ သမ္မတ အပေါ်မှာ ဘာမှ သက်ရောက်မှု မရှိပါဘူးလို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ ဆာရာ ဆန်းဒါး စ် က ပြောဆိုပါတယ်။

နောက်ပြီး မစ္စတာ ကိုဟင်ဟာ သူ့ ရဲ့ အပြစ်တွေ က နေ သက်သာ အောင် ဇာတ်လမ်းဆင် ပြောဆိုမှုတွေ လုပ်နေတာ ဆိုပြီးတော့လည်း မစ္စတာ ထရမ့် က ပြောဆိုပါတယ်။

မစ္စတာ ကိုဟင် ဟာ ဒေါ်နယ် ထရမ့် ရဲ့ ရှေ့နေ အဖြစ် ဆယ်စုနှစ် တခု ကြာအောင် ဆောင်ရွက် ပေးခဲ့သူပါ။ လောလော ဆယ်မှာ တော့ သူ့ကို ရွေးကောက်ပွဲ ရန်ပုံငွေ စည်းမျဉ်း စည်းကမ်း တွေ ချိုးဖောက်မှု အပါအဝင် ပြစ်မှု ရှစ်ခု နဲ့ တရားစွဲ ဆို ခံထားရပါတယ်။

Image caption ထရမ့် က တော့ အပြတ်ငြင်းဆို

ဒေါ်နယ် ထရမ့် နဲ့ ပတ်သက်ခဲ့ဘူးတယ် လို့ စွပ်စွဲ ပြောဆို နေကြတဲ့ အပြာမယ် စတုန်မီ ဒန်နီရယ် နဲ့ ကာရင် မက်ဒေါက် ဂယ် တို့ နှစ်ဦး ကို ထရမ့် ရဲ့ ညွှန်ကြား ချက်နဲ့ ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပိုက်ဆံ တွေ ပေးခဲ့ တယ်လို့ ထွက်ဆို ထားတာပါ။

ထရမ့် ရဲ့ ရှေ့နေဟောင်း ဖြစ်သူ ဟာ သူ့အပေါ် စွဲ ဆို ထားတဲ့ ပြစ်မှု ရှစ်ခု အတွက် ထောင်ဒဏ် ၆၅ နှစ် အစား ၅ နှစ် ကျော်သာ ကျခံ ရအောင် အစိုးရ ရှေ့နေ တွေနဲ့ အပေးအယူ လုပ် ထွက်ဆို ဝန်ခံ ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်နယ် ထရမ့် ကတော့ သူ့ အနေနဲ့ ရွေးကောက်ပွဲ ရန်ပုံငွေ ထဲ ကနေ အပြာ မယ်တွေကို ငွေပေးခဲ့တာ မဟုတ်ဘူး ဆိုပြီး သူ့ရဲ့ ရှေ့နေဟောင်း ရဲ့ ပြောဆို မှုကို အပြင်းအထန် ငြင်းဆို ထားပါတယ်။

ဒီ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရ အတိုက်အခံ ဒီမိုကရက် တွေကတော့ သမ္မတ ကို အယုံအကြည် မရှိ အဆိုတင် သွင်းပြီး အရေးယူနိုင်မလား ဆိုပြီးတော့ အထက် လွှတ်တော် နဲ့ အောက်လွှတ်တော် တွေမှာ ဆွေးနွေးမှုတွေ လုပ် နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတထရမ့်ရဲ့ အမှုထမ်းဟောင်း ၂ ဦး အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိ