အမေရိကန် သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင် လာနိုင်မလား

trump

ဓာတ်ပုံ ရင်းမြစ်, MANDEL NGAN

ဓာတ်ပုံ ပုံစာ,

စွပ်စွဲပြစ်တင်ရင် စတော့စျေးကွက် ထိခိုက်မယ်ဆို

အရှုပ်တော်ပုံ ဇာတ်လမ်းတွေ ပိုပိုထွက်လာတဲ့ အမေရိကန် သမ္မတ ကို လွှတ်တော် အတွင်းမှာ စွပ်စွဲပြစ်တင် ပြီး သူ့တာဝန်ကိုနား နိုင်မလား ဆိုတဲ့ မှန်းဆ ချက်တွေ ထွက်လာ နေပါတယ်။

ဒေါ်နယ် ထရမ့်က သူနဲ့ ဇာတ်လမ်း ရှိခဲ့တယ်လို့ သတင်းထွက် ဖူးတဲ့ အပြာမယ်တွေကို သူ သမ္မတလောင်း မဲဆွယ်ချိန်က အဲဒီ အမျိုးသမီးတွေ ဘာမှာ ထုတ် မပြောအောင် နှုတ်ပိတ်ခ တွေ ပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ခဲ့တယ်။

သူ့ရဲ့ အရင် ရှေ့နေဟောင်း မိုက်ကယ် ကိုဟင် ကို မစ္စတာ ထရမ့် ရွေးကောက်ပွဲ ကာလ က ရုရှားနဲ့ အဆက်အစပ် ရှိလား ဆိုတဲ့ စုံစမ်းစစ်ဆေးတာတွေ ကို လုပ်နေတုန်း အဲဒီ ရှေ့နေဟောင်း က အခု ကိစ္စတွေ ဖော်ထုတ် လိုက်တာပါ။

အခုလို အခြေအနေ က သမ္မတကို စွပ်စွဲပြစ်တင်ပြီး ရာထူး ကနေ ဖယ်ရှား နိုင်ဖို့ အခွင့် အလမ်း ပိုများ လာတယ်လို့ သုံးသပ် လာကြသူတွေ ရှိပါတယ်။

ဒါပေမယ့် ဒီမိုကရက်တစ်ပါတီ က ကွန်ဂရက် အမတ် ရာကင်း ကက်စထရို က စွပ်စွဲ ပြစ်တင်ဖို့ အတွက် ပိုပြီး ခိုင်မာတဲ့ ဟာတွေ ဖြစ်လာပါတယ်၊ ဒါပေမယ့် မဲခွဲကြရင် စွပ်စွဲ ပြစ်တင်ဖို့ အတွက် မဲ က ရမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

လွှတ်တော် အတွင်းမှာ လွှတ်တော် အမတ် တွေ က သမ္မတကို အဲဒီ စွပ်စွဲ ပြစ်တင် တဲ့ လုပ်ငန်းစဉ် နဲ့ သမ္မတဟာ နိုင်ငံတော် လုပ်ကြံတာ၊ လာဘ်စားတာ၊ ရာဇဝတ်မှုကြီးတွေ လုပ်တာ၊ အမှားတွေ ကျူးလွန်တာ စတဲ့ ပြစ်မှုတွေ မြောက်ကြောင်း တွေ့ရရင် သမ္မတ အဖြစ် က ဖယ်ရှား နိုင်တယ်လို့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ က ပြောထား ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရှေ့နေဟောင်း မိုက်ကယ် ကိုဟင်

လက်တွေ့ လုပ်ငန်းစဉ်တွေ ကြည့်ရင်တော့ အောက်လွှတ်တော်မှာ အမတ် ၅၁ ရာခိုင်နှုန်း က စွပ်စွဲ ပြစ်တင်ဖို့ ထောက်ခံရင် တရားစီရင်မယ့် အဆင့်ကို တက်လို့ရပါတယ်။

တရား စီရင်မှုကိုတော့ အထက် လွှတ်တော်မှာ လုပ်တာ ဖြစ်ပြီးတော့ တရားရုံးချုပ်ရဲ့ တရားသူကြီးချုပ် က ကြားနာ ပါလိမ့်မယ်။

အဲဒီမှာ အောက်လွှတ်တော် အမတ်တွေ က တရားလို တွေဖြစ်ပြီး အထက် လွှတ်တော် အမတ်တွေ က တော့ ဂျူရီ ခုံသမာဓိ လူကြီးတွေ အနေနဲ့ တာဝန်ယူ ရမှာပါ။

အဲဒီ အထက် လွှတ်တော်အမတ်တွေ ရဲ့ အနည်းဆုံး မဲ ၃ ပုံ ၂ ပုံ က ထောက်ခံ မှသာ အဲဒီ သမ္မတ ကို အရေးယူ အပြစ် ပေးနိုင် ပြီး ရာထူး ကနေ ဖယ်ရှား နိုင်မှာပါ။

အခု က သမ္မတ ထရမ့် ရဲ့ ရီပတ်ဘလစ်ကန် ပါတီ က အမတ်တွေ ပဲ အောက်နဲ့ အထက် လွှတ်တော်မှာ လွှမ်းနေတာ ဆိုတော့ အဲဒီလောက် မဲတွေ ရပြီး စွပ်စွဲ ပြစ်တင် အရေးယူ တာတွေ လုပ်နိုင် မလား ဆိုတာ မသေချာပါဘူး။

ပြီးခဲ့တဲ့ စွပ်စွဲပြစ်တင် တဲ့ သမ္မတ အပေါ် တရား စီရင်ရေး သမိုင်းကို ပြန်ကြည့်ရင် လည်း သမ္မတ နှစ်ယောက် သာ စွပ်စွဲ ပြစ်တင်တဲ့ အဆင့် ကို ရောက်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, William J. Clinton Presidential Library

ဓာတ်ပုံ ပုံစာ,

မော်နီကာ လူဝင်းစကီး နဲ့ ဇာတ်လမ်းဖြစ်ခဲ့တဲ့ သမ္မတ ကလင်တန်

တယောက် က တော့ မော်နီကာ လူဝင်းစကီး နဲ့ ဇာတ်လမ်း ဖြစ်ခဲ့တဲ့ သမ္မတ ကလင်တန် ဟာ အောက်လွှတ်တော် မဲအရ စွပ်စွဲ ပြစ်တင်တဲ့ လုပ်ငန်းစဉ် အတိုင်း လုပ်ခဲ့ရ ပါတယ်။

ဒါပေမယ့် ဆီးနိတ် အထက်လွှတ်တော် အဆင့်မှာတော့ အပြစ်ပေး နိုင်ဖို့ မဲ ၃ ပုံ ၂ ပုံ မရတဲ့ အတွက် အရေးယူနိုင်တဲ့ အဆင့် ကိုမရောက်ခဲ့ ပါဘူး။

နောက်တယောက် ကတော့ ၁၈၆၅ ခုနှစ် က သမ္မတ ဖြစ်လာတဲ့ အင်ဒရူး ဂျွန်ဆင်ပါ။ သူ က သူ့ မူဝါဒနဲ့ မတူလို့ ဆိုပြီး အစိုးရ စစ်ရေး ဌာန ဝန်ကြီး ကို ဖြုတ်ပစ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စွပ်စွဲ ပြစ်တင် ပြီး တရားစီ ရင်ဖို့ ဖြစ်လာတာပါ။

အောက်လွှတ်တော်မှာ လိုအပ်တဲ့ မဲရလို့ အထက်လွှတ်တော်မှာ တရားစီရင် ခံရတဲ့ အဆင့်ကို တက်ရတယ်။ ဒါပေမယ့် အရေးယူ နိုင်ဖို့ မဲတမဲ လိုတာနဲ့ အရေးယူတဲ့ အဆင့်ကို မရောက်ဘဲ ကပ်လွတ် ခဲ့ရပါတယ်။