လေထု ညစ်ညမ်း ရင် ဉာဏ်ရည် ဉာဏ်သွေး ပိုကျဆင်း

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီးထက် အမျိုးသား တွေမှာ ဉာဏ်ရည်ချို့တဲ့ ဝေဒနာ ပိုခံစားရ

ညစ်ညမ်း တဲ့ လေ၊ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပါဝင်မှု နှုန်း များတဲ့ လေဆိုး တွေကို အမြဲလိုလို ရှုရိုက် နေရမယ်ရင် လူတွေရဲ့ ဉာဏ်ရည် ကို အကြီး အကျယ် ထိခိုက် ကျဆင်း စေနိုင်တယ်လို့ သုတေသီ တွေက ရှာဖွေ တွေ့ ရှိခဲ့ပါတယ်။

တရုတ် နိုင်ငံမှာ လုပ်ခဲ့တဲ့ လေ့လာ ဆန်းစစ်မှုတွေ အရ လေဆိုး လေညစ် တွေကို အမြဲ လိုလို ရှုရှိုက် နေရမယ်ဆိုရင် လူတွေ ရဲ့ ဉာဏ်ရည် ဉာဏ် သွေးဟာ ပိုမို ကျဆင်း လာတယ်လို့ ပြောပါတယ်။ အဲဒီ အထဲမှာမှ အသက်အရွယ်ကြီးတဲ့ လူတွေ နဲ့ ပညာရေး နိမ့်ပါးတဲ့ အမျိုးသား တွေမှာ သိမှတ်သားမှုဉာဏ် လျော့နည်း တဲ့ ဝေဒနာ ပိုမို ခံစား ရတယ်လို့ ဆိုထားပါတယ်။

တရုတ် နဲ့ အမေရိကန် က ဆေးသုတေသီ တို့ဟာ တရုတ် နိုင်ငံက လေထုတ် ညစ်ညမ်းမှု များပြား တဲ့ မြို့ကြီး တွေမှာ နေထိုင်တဲ့ လူ နှစ်သောင်း ကျော်ကို လေးနှစ်ကျော်ကြာ လေ့လာ ဆန်းစစ်မှု တွေ လုပ်ခဲ့ပြီး သူတို့ ရဲ့ တွေ့ ရှိချက် တွေကို ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှု ကို ဦးဆောင် ခဲ့တဲ့ အမေရိကန် ယေးလ် တက္ကသိုလ် ပြည်သူ့ ကျန်းမာရေး ဌာန က ဒေါက်တာ ရှီချန်း က သူတို့ စမ်းသပ် မှုတွေ ဘယ်လို လုပ်ခဲ့သလဲ ဆိုတာ ပြောပါတယ်။

လူတွေကို အင်္ဂလိပ် စကားလုံး ဆယ်လုံး ဒါမှမဟုတ် တရုတ်စာ ဆယ်လုံး ရဲ့ အသံထွက် ခိုင်းပြီး သူတို့ ရဲ့ အဓိပ္ပာယ် တွေကို မှတ်သား ခိုင်းပါတယ်။ ပြီး တော့ အဲဒါတွေကို ကျနော်တို့ က ပြန်ဖတ် ပြပြီး ဘာလဲ လို့ မေးတဲ့ စမ်းသပ်မှု ကို လုပ်ပါတယ်။ အဲဒီလို လုပ်တဲ့ နေရာမှာ လေထု ညစ်ညမ်း မှု များတဲ့ နေ့မှာ ဆိုရင် သူတို့ တွေရဲ့ မှတ်ဉာဏ် စွမ်းဆောင်ရည်က အတော် ဆိုးရွား တာ တွေ့ ရပါတယ်လို့ သူက ပြောပါတယ်။

Image caption ကမ္ဘာပေါ်က လေထု ညစ်ညမ်းမှု အများဆုံးခံနေရတဲ့ မြို့ကြီးများ

ဒီလေ့လာ ဆန်းစစ်မှု ကို တရုတ် နိုင်ငံ ပီကင်း တက္ကသိုလ် က သုတေသီ တွေ နဲ့ အတူ ပူးပေါင်း ပြီး လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေဟာ စမ်းသပ်သူတွေ နေထိုင်ရာ အရပ် ဒေသ က လေထု ညစ်ညမ်း မှု အခြေအနေ ကို အသေးစိတ် လေ့လာ ခဲ့ပြီး အဲဒီ က လေထု ရဲ့ နိုက်ထရိုဂျင် ဝင်မှု နှုန်းထား၊ ဆာဖာဒိုင် အောက်ဆိုဒ် ပါဝင်မှု နှုန်းထား နဲ့ လေထု ထဲ က ညစ်ညမ်းမှု သိပ်သည်း ဆတွေကို အဓိက ထား လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သုံးခု ထဲ က ဘယ် အချက် က မှတ်သား သိရှိမှု ဉာဏ် ချို့ယွင်းမှု ကို ဖြစ်စေ တာလဲ ဆိုတာ ကိုတော့ လေ့လာ ဆန်းစစ်မှု ထဲမှာ ဖော်ပြ ထားခြင်း မရှိပါဘူး။

လေထု ညစ်ညမ်းမှု အကျိုးဆက်ကြောင့် အသက် ၆၄ နှစ်ကျော် တဲ့ အမျိုးသား တွေမှာ ဉာဏ်ရည် ကျဆင်းတဲ့ ရောဂါ ပိုခံစား ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စ ဟာ နာတာရှည် ရောဂါ တမျိုး ဖြစ်တဲ့ ဒီမန်းရှား မှတ်ဉာဏ် ချို့တဲ့မှု ရောဂါ နဲ့လည်း ဆက်စပ် နိုင်တယ်လို့ သုတေသီ တွေက ပြောဆို ပါတယ်။

Image caption တရုတ် နိုင်ငံ ဘေဂျင်း မြို့ဟာ လေထု ညစ်ညမ်းမှု အများဆုံး ခံနေရ

ဒီလို တွေ့ရှိမှု ဟာ အကျိုးများပြီး လေထု ညစ်ညမ်း မှုကြောင့် ဖြစ်တဲ့ ရောဂါ တွေကို ဘယ်လို ကုစား ကြမလဲ ဆိုတဲ့ အဖြေကို ဆက်လက် ရှာဖွေ နေကြပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီး WHO ရဲ့ ထုတ်ပြန်ချက် အရ ဆိုရင်တော့ ကမ္ဘာ့ လူဦးရေ ရဲ့ ၉၁ ရာခိုင်နှုန်း ဟာ လေထု ညစ်ညမ်း တဲ့ ဒေသ တွေမှာ နေထိုင် နေကြရတယ်လို့ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် နှစ်စဉ်မှာ လူပေါင်း ၇ သန်း လောက်ဟာ လေထု ညစ်ညမ်း မှုကြောင့် ဖြစ်ပေါ် လာတဲ့ ရောဂါ ဝေဒနာ တွေကြောင့် သေဆုံး နေရတယ်လို့ ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် က ဆိုရင် လေထု ညစ်ညမ်း မှုကြောင့် သေဆုံး ခဲ့ရသူ ပေါင်း ၄.၂ သန်း သေဆုံး ခဲ့ရကြောင်း ကိုလည်း WHO က ထုတ်ပြန် ထားပါတယ်။