ဥက္ကာခဲအပိုင်းအစ ဝင်မှန်လို့ ISS ပေါက်ပြဲခဲ့

Image caption ISS ထဲ လေဖိအား လျော့လာကြောင်း သတိထားမိခဲ့

နိုင်ငံတကာ အာကာသ စခန်း ISS မှာ အပေါက်တစ်ခု တွေ့လာရတဲ့နောက် လေစိမ့်ထွက်နေတဲ့ အဲဒီ ပြဿနာကို စခန်းမှာ ရှိနေကြတဲ့ အာကာသ သူရဲကောင်းတွေ ကြိုးစား ဖြေရှင်း နေကြရပါတယ်။

အာကာသ စခန်းမှာ လေစိမ့်ထွက်နေတဲ့ အပေါက်အပြဲ ရှိနေနိုင်တယ် ဆိုတာကို ကမ္ဘာမြေပေါ်က ထိန်းချုပ်စခန်းက တာဝန်ရှိသူတွေ စပြီး သတိထား မိခဲ့တာ ဖြစ်ပါတယ်။

အာကာသ စခန်းထဲက လေဖိအားကို အဆက်မပြတ် စောင့်ကြည့်ပေးနေတဲ့ ပစ္စည်း ကိရိယာကနေ လေဖိအား လျော့လာကြောင်း အချက်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စ သိသိချင်းမှာ အာကာသ သူရဲကောင်း ၆ ယောက် စလုံး အိပ်ပျော် နေချိန် ဖြစ်ပါတယ်။

သူတို့ အိပ်ရာနိုးလာတဲ့ အချိန်မှာတော့ လေစိမ့်ထွက်နေတဲ့ အပေါက် ရှိနေနိုင်တယ် ဆိုပြီး သူတို့ကို လှမ်း သတိပေးခဲ့ပြီး အဲဒီ အပေါက်ကို လိုက်ရှာဖို့ ညွှန်ကြား ခဲ့ပါတယ်။

ဒီလိုနဲ့ အာကာသ သူရဲကောင်းတွေလည်း ဘယ်နေရာကနေ လေစိမ့်ထွက် နေတာလည်း ဆိုတာ လိုက်ရှာ ခဲ့ကြရင်း ISS ရှိရာဆီ သူတို့ကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်တုန်းက သယ်ဆောင် လာပေးခဲ့တဲ့ ရုရှားရဲ့ ဆိုယုဇ် အာကာသယာဉ်မှာ အပေါက် ရှိနေတယ် ဆိုတာ တွေ့လာပါတယ်။

Image caption ဂျာမနီ အာကာသ ယာဉ်မှူး အလက်ဇန္ဒာ ဂတ်စ်

ဒီ အပေါက်ကို တွေ့သူက ဥရောပ အာကာသ အေဂျင်စီကနေ စေလွှတ်ထားတဲ့ ဂျာမနီ အာကာသ ယာဉ်မှူး အလက်ဇန္ဒာ ဂတ်စ် ဖြစ်ပါတယ်။

၂ မီလီမီတာ လောက် ရှိတဲ့ အပေါက်ကို သူ့လက်နဲ့ ပိတ်ရင်းသားမှာပဲ ဆိုယုဇ်မှာ အဲဒီ အပေါက် ရှိနေတယ်ဆိုတာကို အလက်ဇန္ဒာဂတ်စ်က အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။

လောလောလတ်လတ် ဖြေရှင်းတဲ့ အနေနဲ့တော့ အဲဒီ အပေါက်ကို လေလုံဆေး တစ်မျိုး သုတ်ပြီး တိပ်ကြိုးနဲ့ အပေါ်ကနေ ကပ်ထားလိုက်ပါတယ်။

ဒီလောက်နဲ့ လုံလောက်လား၊ ဒီထက်ပိုပြီး ပြင်ဆင် ဖာထေးတာမျိုး လုပ်ဖို့ လိုမလား ဆိုတာကို မြေပြင်စခန်းကသူတွေရဲ့ အကြံဉာဏ်တွေကို ရယူ နေပါတယ်။

လက်ရှိမှာတော့ ISS ပေါ် ရှိနေကြတဲ့ အာကာသ ယာဉ်မှူးတွေ အတွက် အန္တရာယ် ရှိ မနေဘူး ဆိုပြီး အမေရိကန်ရော၊ ရုရှားကပါ အတည်ပြုပါတယ်။

အရေးပေါ် အခြေအနေနဲ့ ကြုံတွေ့ရင် ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို လေ့ကျင့်ခဲ့တာတွေက ဘယ်လောက် အဖိုးတန်သလဲ ဆိုတာ အခု ဖြစ်ရပ်က သက်သေပဲလို့ အလက်ဇန္ဒာဂတ်စ်က တွစ်တာ လူမှုကွန်ရက်ပေါ် ရေးသားထားပါတယ်။

Image caption မိုင် ၂၅ဝ အမြင့်မှာ လှည့်ပတ်နေတဲ့ ISS

ကမ္ဘာ့ နေရာ အနှံ့ ထားရှိတဲ့ မြေပြင် ထိန်းချုပ် စခန်းတွေရဲ့ အကူအညီကြောင့်သာ အပေါက်ရှိတဲ့ နေရာကို ရှာတွေ့ခဲ့တာ ဖြစ်တယ် ဆိုပြီးတော့လည်း အလက်ဇန္ဒာဂတ်စ်က ဆိုပါတယ်။

အာကာသ ဆိုင်ရာ စူးစမ်းလေ့လာရေးတွေ၊ သုတေသနတွေ ပြုလုပ်ဖို့ ထားရှိတဲ့ ISS စခန်းဟာ မြေကမ္ဘာကနေ မိုင် ၂၅ဝ အမြင့်မှာ တည် ရှိတာ ဖြစ်ပါတယ်။

မြေကမ္ဘာကို လှည့်ပတ်နေတဲ့ ISS စခန်းကို အာကာသထဲက ဥက္ကာခဲ အပိုင်းအစ သေးသေးလေးတွေ အဆက်မပြတ် လာပြီး ထိမှန် လေ့ ရှိပါတယ်။

ဒါ့ကြောင့်မို့လည်း ဒီလို ထိမှန်တဲ့ ဒဏ်ကို ခံနိုင်အောင်ရည်ရွယ်ပြီး ISS ကို တည်ဆောက် ထားရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နေဆီပျံမယ့် နာဆာရဲ့ အမြန်ဆုံး ယာဉ်ပျံ

အခု ISS နဲ့ တွဲချိတ်ထားတဲ့ ဆိုယုဇ်မှာ အပေါက် သေးသေးလေး ဖြစ်သွားတာကလည်း အရှိန်နဲ့ လာမှန်တဲ့ ဥက္ကာခဲ အစအနလေး ကြောင့်လို့ ယူဆ ထားပါတယ်။

ဂတ်ဇ်ရယ်၊ အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူးတွေရယ် စုစုပေါင်း ၃ ယောက်ဟာ အခုနှစ်ကုန်ရင် ဒီ ဆိုယုဇ် ယာဉ်ကိုပဲ အသုံးပြီး ကမ္ဘာမြေကို ပြန်လည် ဆင်းသက်မှာ ဖြစ်ပါတယ်။

ကံကောင်းတာကတော့ အခု အပေါက် ဖြစ်ခဲ့တဲ့ နေရာဟာ အာကာသယာဉ်ကနေ ဖြုတ်ထုတ်ပြီး စွန့်ပစ်ခဲ့ရမယ့် အစိတ်အပိုင်းမှာ ရှိနေတာကြောင့် သူတို့ရဲ့ အိမ်ပြန် ခရီး အတွက် အနှောင့်အယှက် မရှိနိုင်ဘူးလို့ မျှော်လင့် နေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗြိတိန်ရဲ့ ပထမဆုံး အာကာသစခန်းအကြောင်းနဲ့ နည်းပညာသတင်းများ