ပါလက်စတိုင်း အန်ရာ ဒုက္ခသည်စခန်း ထောက်ပံ့ရေး အကူအညီ အမေရိကန်ရပ်ဆိုင်း

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်စခန်း တခုဖြစ်တဲ့ အန်ရာ ဒုက္ခသည်စခန်းက စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်စခန်း တခုဖြစ်တဲ့ အန်ရာ ဒုက္ခသည်စခန်းက စာသင်ကျောင်း

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်စခန်း တခုဖြစ်တဲ့ အန်ရာ ဒုက္ခသည်စခန်းကို ထောက်ပံ့ပေးနေတဲ့ အကူအညီတွေကို အမေရိကန်အစိုးရက ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

စခန်းအခြေအနေဟာ ပြင်လို့မရအောင် မှားယွင်းပျက်စီးနေတယ်လို့လည်း ဆိုပါတယ်။

ထောက်ပံ့မှုတွေကို ရပ်ဆိုင်းဖို့ သေသေချာချာ သုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ အန်ရာစခန်းကို ဘယ်လို ထောက်ပံ့မှုကိုမှ မလုပ်ဆောင်တော့ပါဘူးလို့ အမေရိကန်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဟီသာနောရတ်က ပြောပါတယ်။

ပါလက်စတိုင်း သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အခုလို ထောက်ပံ့ရေး အကူအညီတွေကို ရပ်ဆိုင်းလိုက်တာဟာ ဒီဒေသကို ပြစ်ဒဏ်အနေနဲ့ လုပ်ဆောင်တာဆိုရင် အမေရိကန်တွေအတွက် အောင်မြင်တဲ့လုပ်ရပ် မဟုတ်ပါဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အန်ရာ ဒုက္ခသည်စခန်းက ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အရေးပေါ် အထောက်အပံ့တွေကို ရပ်ဆိုင်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ၊ ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန် ပယ်ချတယ်လို့ စခန်းရဲ့ ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး အေဂျင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခရစ်ဂါးနက်စ်က သူရဲ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

အမေရိကန် အစိုးရကတော့ သူရဲ့ ထောက်ပံ့ရေး အကူအညီတွေကို ရပ်ဆိုင်းတော့မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ပြောဆိုခဲ့ပြီး ထောက်ပံ့မှုတွေကိုလည်း တဝက် လျှော့ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အန်ရာ ဒုက္ခသည်စခန်းကို ထောက်ပံ့ပေးနေတဲ့ အကူအညီတချို့

အန်ရာ ဒုက္ခသည်စခန်းကို ၁၉၄၈ ခုနှစ် အာရပ်- အစ္စရေး စစ်ပွဲနောက်ပိုင်း ထွက်ပြေးလာကြတဲ့ ထောင်သောင်းချီတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်စခန်းတခု ဖြစ်ပါတယ်။

လက်ရှိစခန်းမှာ အရှေ့အလယ်ပိုင်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၅ သန်း အထိ ရှိနေပြီး သူတို့တွေရဲ့ ကျန်းမာရေး၊ ပညာရေး သာမက လူမှုဘဝ တိုးတက်ရေးအတွက်လည်း ထောက်ပံကူညီ ပေးနေပါတယ်။

ဒီဒုက္ခသည်စခန်းကို အဓိက ကူညီထောက်ပံပေးနေတာက အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဆော်ဒီအာရေဗျ၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။