၂၀၃၂ ခုနှစ် အိုလံပစ် ကျင်းပခွင့် ရရှိဖို့ အင်ဒိုနီးရှား ကြိုးစားမယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို

၂၀၃၂ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်ပွဲတော်ကို ကျင်းပဖို့ ရရှိရေး ကြိုးစားသွားမယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ကြေညာပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ Thomas Bachနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ

နွေရာသီအိုလံပစ်ပွဲတော်ပြီးရင် ကမ္ဘာ့ ဒုတိယအကြီးဆုံး အားကစားပြိုင်ပွဲ ဖြစ်တဲ့ ၂၀၁၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေပါတယ်။

အာရှအားကစားပြိုင်ပွဲမှာ ရရှိတဲ့ အကောင်းဆုံး အတွေ့အကြုံတွေနဲ့ ကမ္ဘာ့အကြီးဆုံး အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ပြီလို့ ယုံကြည်တယ်လို့ မစ္စတာ ဝီဒိုဒိုက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ

အင်ဒိုနီးရှားက အိုလံပစ်ပွဲတော် ကျင်းပခွင့်ရရှိရေး ကြိုးစားမယ်ဆိုတာကို မစ္စတာ Bachက ကြိုဆို လိုက်ပြီး အာရှပွဲတော်ကို ကျင်းပထားတာဟာ ၂၀၃၂ ခုနှစ် အိုလံပစ်ပွဲတော် ကျင်းပခွင့်ရရှိဖို့ ခိုင်မာတဲ့ အခြေခံကောင်းတခုလို့ သူကပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က စီးပွားရေး အခြေအနေကြောင့် ဗီယမ်နမ်က အာရှအားကစားပြိုင်ပွဲ ကျင်းပဖို့ နောက်ဆုတ်ခဲ့ပြီး အင်ဒိုနီးရှားက ကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမား ၁၂၀ဝ၀ လောက်ဟာ အားကစားနည်း ၆၀ကို ယှဉ်ပြိုင် ကစားနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ ခုနှစ် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ

အိန္ဒိယ၊ သြစတြေးလျနဲ့ တရုတ်နိုင်ငံတို့ကလည်း အိုလံပစ်ပွဲတော်ကို ကျင်းပခွင့်ရဖို့ စိတ်ဝင်စား နေတယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့က အိုလံပစ်ပွဲတော်ကို တကြိမ် တခါမှ ကျင်းပခွင့်မရရှိသေးပါဘူး။ ၂၀ဝ၀ ခုနှစ်မှာ သြစတြေးလျက ကျင်းပခွင့် ရရှိခဲ့သလို၊ တရုတ်ကလည်း ၂၀ဝ၈ ခုနှစ်မှာ နွေရာသီ အိုလံပစ်ကို ကျင်းပခွင့်ရရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ် အိုလံပစ်ပွဲတော်ကို ဂျပန်မှာ ကျင်းပမှာ ဖြစ်သလို၊ ၂၀၂၄ ခုနှစ် ပြင်သစ်နဲ့ ၂၀၂၈ ခုနှစ်မှာ အမေရိကန်မှာ အသီးသီး ကျင်းပသွားဖို့ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ