ကလေးအသေတွေပါ အိတ်တွေ့ရမှု အလောင်းမဟုတ်ကြောင်း ရဲကပြော

ဓာတ်ပုံ မူပိုင် ANI
Image caption အလောင်းတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို စုံစမ်း စစ်ဆေးနေပြီလို့ အနောက်ဘန်ဂေါပြည်နယ်ရဲက ပြော

အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့က လူမနေတဲ့ မြေကွက်လပ် တခုမှာ တူးဖော် တွေ့ရတဲ့ ပလတ်စတစ်အိတ် နှစ်ထုပ်ထဲက အရာတွေဟာ အရင်က ထင်ထားကြသလို မွေးကင်းစ ကလေးအသေတွေရဲ့ အလောင်း မဟုတ်ဘဲ ဒါဟာ စွန့်ပစ် ဓါတု ပစ္စည်းတွေသာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ ကလေးအလောင်း၁၄လောင်းနဲ့ မွေးကင်းစ သန္ဒေသားတွေကို ထုတ်ထားတဲ့ ပလတ်စတစ်အိတ် နှစ်ထုပ် အစောပိုင်းတုန်းက တွေ့ရှိခဲ့တယ်လို့ ရဲက ထုတ်ပြန် ခဲ့ပြီးကာမှ ပြောင်းလဲ ပြောလာတာ ဖြစ်ပါတယ်။

ဒီလို ရှာဖွေ တွေ့ရှိရမှု အပေါ် ကာလကတ္တား ရဲဌာနက စုံစမ်း စစ်ဆေးနေပြီလို့ ရဲက လွန်ခဲ့တဲ့ နာရီပိုင်းတုန်းက ပြောဆိုခဲ့ပြီး အခုတော့ ဒါတွေဟာ ဓါတု ပစ္စည်းတွေလို့ အခုပြောလာတဲ့ အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေ ပါတယ်။

ကာလကတ္တား အနောက်တောင်ဖက်က Haridevpur နားက မြေကွက်လွတ် တခုမှာ ဆောက်လုပ်ရေး အလုပ်သမားတွေ မြေတူးစဉ်မှာ အခုလို အလောင်းတွေကို ပလတ်စတစ်အိတ် နှစ်ထုပ်ထဲ သီးခြားစီ ထုတ်ပိုးထားတာကို စက်တင်ဘာ ၂ရက် တနင်္ဂနွေနေ့က ရှာဖွေ တွေ့ရှိခဲ့တာလို့ ဒေသတွင်းက လာတဲ့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

Image caption ကာလကတ္တား ပြ မြေပုံ

အိမ်၊ခြံ၊မြေ ရောင်း၀ယ်ငှား ကုမ္ပဏီ တခုက ဒီမြေကွက်ကို တလောတုန်းက ဝယ်ခဲ့တာလို့ Hindustan Times သတင်းစာမှာ ရေးသား ထားပါတယ်။

ကာလကတ္တား မြို့တော်၀န် Sovan Chatterjee ကတော့ ကလေး အလောင်း ၁၄ လောင်းကို ပလတ်စတစ်အိတ် နှစ်အိတ်နဲ့ သီးခြားစီ ထုပ်ပိုး ထားတာ တွေ့ရတယ်လို့ အခင်း ဖြစ်တဲ့ နေရာကို သွားခဲ့ပြီးနောက် သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အလောင်းတွေကို ဓါတုဆေးရည်စိမ် ထားတာတွေ့ရပြီး ၊ အနီးတဝိုက်က မြစ်ချောင်းတွေနဲ့ ရေမြောင်းတွေ ထဲမှာ နောက်ထပ် အလားတူ အလောင်းတွေ တွေ့နိုင်မလား ဆိုပြီး အသေးစိတ် ရှာဖွေမှုတွေ လုပ်ဆောင် နေတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ANI Twitter
Image caption သေမှုသေခင်း ဆိုင်ရာ စစ်ဆေးပြီးမှာ အသေးစိတ် သိရနိုင်မယ်လို့ ရဲက ပြောကြောင်း ANI သတင်းမှာ ဖော်ပြ

အဲဒီအရပ်ဒေသ အနီးတဝိုက်မှာ ကလေးဖျက်ချပေးတဲ့ ဂိုဏ်း တဂိုဏ်း လှုပ်ရှား ဆောင်ရွက်မှု ရှိကောင်း ရှိနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိ တယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Press Trust of India သတင်း အေဂျင်စီကလည်း ပြောဆိုပါတယ်။

အခုတွေ့ရှိတဲ့ အလောင်းတွေဟာ ဘယ်က လာသလဲ ဆိုတာ ခြေရာခံချက် ရှာဖွေ တွေ့ရှိခြင်း မရှိသေးဘဲ ၊ အဲဒီ ကလေးအလောင်း ပါတဲ့ အထုပ်တွေကို လူမနေဘဲ ပစ်ထားတဲ့ မြေကွက်မှာ လာရောက် မြုပ်ထားပုံ ရတယ်လို့ အရာရှိ တယောက်က အစောပိုင်း တုန်းက ဆိုပါတယ်။

ဒီအလောင်းတွေကို သေမှုသေခင်း ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ရဲကလည်း အနီးတဝိုက်က လှုပ်ရှားမှု ဆိုင်ရာ စီစီတီဗီမှတ်တမ်းတွေကို ပြန်လည် ကြည့်ရှု စစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့ နာရီပိုင်းတုန်းက ရဲက ပြောခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဒေသန္တရ ဆေးရုံကို သွားရောက် အသေးစိတ် စစ်ဆေးပြီးတဲ့ အခါမှာ ဒါတွေဟာ မွေးကင်းစ သန္ဓေသားတွေ ၊ ကလေး အသေတွေ မဟုတ်ဘဲ ၊ စွန့်ပစ် ဓါတု ပစ္စည်းတွေသာ ဖြစ်တယ်လို့ ရဲက ပြောနေပါတယ်။