လစ်ဗာပူးက အထင်ကရ အဆောက်အအုံ မီးလောင်

ဓာတ်ပုံ မူပိုင် PENDO86
Image caption Littlewoods Pools အဆောက်အအုံ မီးလောင်မှု မြင်ကွင်း

ဗြိတိန် နိုင်ငံ လစ်ဗာပူးလ် မြို့က Littlewoods Pools ဆိုတဲ့ အဆောက်အအုံမှာ စက်တင်ဘာ ၂ရက် ဒေသစံတော်ချိန် ညရှစ်နာရီ မတိုင်မီမှာ မီးစတင် လောင်ကျွမ်းခဲ့ပါတယ်။

အဲဒီ အဆောက်အအုံမှာ ရှိတဲ့ art deco မှာ လောင်ကျွမ်းနေတဲ့ မီးကို မီးသတ်သမားတွေက အသည်းအသန် လိုက်လံ ငြိမ်းသတ် နေရပါတယ်။

မီးလောင်ပြင်မှာ မီးသတ်သမား ကိုးယောက်က ငြိမ်းသတ် လျက်ရှိပြီး မီတာ တရာ နှစ်ရာ အမြင့်ရှိတဲ့ မီးညွှန့်ကို အဆောက်အအုံရဲ့ ပထမထပ် ကနေ ငြိမ်းသတ် နေရတယ်လို့ Merseyside မီးသတ် ဌာနက ပြောပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်လို့ ထိခိုက် ဒဏ်ရာရသေဆုံးမှု တစုံတရာ သတင်း မရပါဘူး။

Edge Lane မှာ ရှိတဲ့ ၁၉၃၈ ခုနှစ် ကတည်းက ဆောက်ခဲ့တဲ့ သမိုင်း၀င် ငါးထပ် အဆောက်အအုံဟာ Sir John Moores ထူထောင်ခဲ့တဲ့ Littlewoods အင်ပါယာထဲက အစိတ်အပိုင်း တခု ဖြစ်ပြီး ၂၀၀၃ က စလို့ ဒီအဆောက်အအုံ ကို ဘာအတွက်မှ အသုံးမချဘဲ ထားခဲ့တာ ဖြစ်ပါတယ်။

ဒေသစံတော်ချိန် ည၈နာရီမထိုးခင် ရှစ်မိနစ် အလိုမှာ ပထမဆုံး မီးသတင်း ဖုန်း၀င်လာတဲ့ အတွက် လေးမိနစ် အကြာမှာ မီးလောင်ပြင် သူတို့ ရောက်တဲ့ အခါ ခေါင်မိုး မီးစွဲလောင်နေတာ တွေ့ရတယ်လို့ မီးသတ် ဌာနက ပြောပါတယ်။

မီးသတ်တွေ အနေနဲ့ အသက်ရှု ကိရိယာတွေ သုံးစွဲပြီး အဆောက်အအုံထဲ၀င်ကာ မီးငြိမ်းသတ်ခဲ့သလို အဆောက်အအုံ အပြင်ဖက်က မီးကိုတော့ အမြင့်တက် ကရိန်း နှစ်စင်း သုံးပြီး ငြိမ်းနေတယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ဖုန်းဆက် အကြောင်းကြားမှုပေါင်း ၆၀ကျော် ရှိတယ်လို့ မီးသတ်က ပြောပါတယ်။

ဒီအဆောက်အအုံကို ရုပ်ရှင်နဲ့ ရုပ်မြင် ထုတ်လုပ်ရေး စတူဒီယို အဖြစ် အသုံးချဖို့ အတွက် ရောင်းထားပြီးပြီလို့ သိရပါတယ်။

တကယ်လို့ အဲဒီ စီမံကိန်းကိုသာ အကောင်အထည် ဖော်နိုင်မယ် ဆိုရင် လူ၃၅၀ လောက်ကို အလုပ်အကိုင် ရရှိစေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Capital&Centric Twitter
Image caption မီးလောင်မှုနဲ့ ပတ်သက်လို့ Capital & Centric က တွတ်တာပေါ်မှာ ရေးသား ထုတ်ပြန်ချက်

Twickenham Studios က Capital & Centric ဆိုတဲ့ အဆောက်အအုံ မွမ်းမံ ပြင်ဆင် ဆောက်လုပ်ရေး ကုမ္ပဏီ နဲ့ ဒီစီမံကိန်းကို ပေါင်သန်း၅၀ သဘောတူထားပြီးနောက်မှာ အခုလို မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

ဒီမီးလောင်မှု သတင်းနဲ့ ပတ်သက်လို့ တကယ့်ကို စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ အခု မြင်ရတဲ့ အခြေအနေမှာတောင် အတော်ဆိုးရွားနေပြီး ဒီသမိုင်း၀င် အဆောက်အအုံ ကို ကောင်းကောင်းမွန်မွန် အခြေအနေနဲ့ ကယ်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လစ်ဗာပူး မြို့တော်ဝန် Joe Anderson က သူ့တွတ်တာ စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

အဲဒီ အဆောက်အအုံ နေရာ တဝိုက်မှာ အခုတော့ ရဲက လုံခြုံရေး အစည်းအတားတွေ ချထားတာ တွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ