လိင်တူဆက်ဆံတဲ့ အမျိုးသမီးတွေကြိမ်ဒဏ်သင့်

မလေးရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လိင်တူ ဆက်ဆံလို့ ကြိမ်ဒဏ် အပြစ်ပေးခံရ

မလေးရှားနိုင်ငံမှာ လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသမီး နှစ်ယောက်ကို ကြိမ်ဒဏ် ၆ ချက်စီ ပြစ်ဒဏ်ပေးလိုက်ပါတယ်။

အသက် ၂၂ နှစ်နဲ့ ၃၂ နှစ် အရွယ် အမျိုးသမီး နှစ်ယောက်ဟာ နိုင်ငံမြောက်ပိုင်း ထရင်ဂါနူး ပြည်နယ် မှာ ကားထဲမှာ အတူရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ကို အစ္စလာမ် ဘာသာဆိုင်ရာ ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခု ပြစ်ဒဏ် စီရင်ချက်ကို ဒေသန္တရ တရားရုံးချုပ်မှာ တံခါးပိတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ လိင်တူ ဆက်ဆံမှု နဲ့ ပတ်သက်လို့ မလေးရှားမှာ ပထမဆုံး အစိုးရက အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို လူမြင်ကွင်းမှာ ကြိမ်ဒဏ် အပြစ်ပေးခံရတာ ဒါဟာ ပထမဆုံး ဖြစ်တယ်လို့ အရာရှိ တယောက်က ပြောပါတယ်။

အခုလို အရေးယူမှုနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ဒါဟာ ရက်စက်ပြီး တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။

သက်လတ်ပိုင်း အမျိုးသမီး နှစ်ယောက်ကို လူပရိသတ် တရာကျော် ရဲ့ အလယ်မှာ ကြိမ်ဒဏ် အပြစ်ပေးခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းစာ ဖြစ်တဲ့ The Star မှာ ဖော်ပြထားပါတယ်။

ဒီလို အရေးယူ အပြစ်ပေးမှုဟာ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာပဲလို့ မလေးရှား က လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်တဲ့ Women's Aid Organization က ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လိင်တူဆက်ဆံမှုနဲ့ ပတ်သက်လာရင် မလေးရှားမှာ လက်မခံ

ထရင်ဂါနူး ပြည်နယ် အုပ်ချုပ်ရေး အလုပ်အမှုဆောင် အဖွဲ့၀င် တယောက်ဖြစ်တဲ့ Satiful Bahri Mamat ကတော့ ဒါဟာ လူမှု အဖွဲ့အစည်းအတွင်း သင်ခန်းစာ ရစေချင်တဲ့ သဘောနဲ့ အပြစ်ပေးတာသာ ဖြစ်ပြီး ဒဏ်ရာ အနာတရ နှိပ်စက်လိုတဲ့ စိတ်နဲ့ ရည်ရွယ်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီအမျိုးသမီး နှစ်ယောက်ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး သူတို့ကို အစ္စလာမ် ဥပဒေ ရေးရာ အရာရှိတွေက ထရင်ဂါနူး ပြည်သူ့ ရင်ပြင်မှာ ရပ်ထားတဲ့ ကားတစင်းထဲမှာ ရှိစဉ် အရေးယူ လိုက်တာ လို့ ဆိုပါတယ်။

သူတို့ကို အစ္စလာမ် ဘာသာဆိုင်ရာ ဥပဒေတွေ ချိုးဖောက်မှုနဲ့ ကြိမ်ဒဏ်နဲ့ ငွေဒဏ် ရင်းဂစ် သုံးထောင် သုံးရာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အရွယ်ရောက်သူ နှစ်ယောက် နှစ်ဉီး သဘောတူ လိင်ဆက်ဆံတာဟာ ရာဇဝတ်မှု မမြောက်သလို ကြိမ်ဒဏ်လည်း အပြစ်ပေး မခံရသင့်ဘူးလို့ Women's Aid Organization က ပြောပါတယ်။

မလေးရှား နိုင်ငံဟာ ခေတ်ပညာတက် မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ဖြစ်ပေမယ့် ခုနှစ်ပိုင်းတွေ အတွင်း ဘာသာရေး အယူသည်းမှုတွေ ပြင်းထန်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, @MOOREYAMEEN

ဓာတ်ပုံ ပုံစာ,

ဖယ်ရှား ခံရတဲ့ LGBT ဆိုင်ရာ ပန်းချီကားချပ်

ပြီးခဲ့တဲ့ လ အစောပိုင်းတုန်းကလည်း LGBT တွေရဲ့ ပန်းချီကားတွေ ပြပွဲကနေ ဖယ်ရှားပစ်ဖို့ ဝန်ကြီး တယောက်က ညွှန်ကြားခဲ့ဖူးပါတယ်။

တကယ်တော့ မလေးရှားမှာ နှစ်လမ်းသွား ဥပဒေ စနစ် ကို ကျင့်သုံးနေတာ ဖြစ်ပြီး မွတ်ဆလင် တွေက ရှရီယာ ဒါမှမဟုတ် အစ္စလာမ် ဘာသာရေး ဆိုင်ရာ ဥပဒေတွေ လိုက်နာ ကျင့်သုံးကြတာ ဖြစ်ပြီး တခြား ဘာသာ၀င် တွေကတော့ ဥရောပမှာ စတင်ပေါက်ဖွားခဲ့တဲ့ Civil Law ကို ကျင့်သုံးတာ ဖြစ်ပါတယ်။