အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကို မြောက်ပိုင်းမဟာမိတ်တွေက တွေ့ဆုံလို

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD
၂၁ရာစု ပင်လုံညီလာခံ
မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်မတော်အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှု၊ ပစ်ခတ် တိုက်ခိုက်မှုတွေ လျော့ကျစေဖို့နဲ့ ပိတ်ဆို့နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့အတွက် အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အဲဒီတိုင်းရင်းသားအဖွဲ့က ပြောပါတယ်။
အဲဒီလို တွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ဦးဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ကိုယ်စားလှယ်နှစ်ဦးက အသိသက်သေအဖြစ် တက်ရောက်မယ်လို့လည်း တိုင်းရင်းသားအဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့မှာ ငြိမ်းချမ်းရေးကော်မရှင်ကို အကြောင်းကြားစာ ပို့ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, THET AUNG
၂၁ ငြိမ်းချမ်းရေး ပင်လုံညီလာခံကို တက်ရောက်လာတဲ့ ဝခေါင်းဆောင်
ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံလိုတဲ့ အဖွဲ့တွေကတော့ NCA လက်မှတ်မထိုးရသေးတဲ့ ရခိုင်တပ်မတော် (AA) ၊ တအာင်း ပလောင်အဖွဲ့ (TNLA) နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) သုံးဖွဲ့ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်ထဲမှာ ဒီလ အစောပိုင်းက အစိုးရတပ်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်နေခဲ့ပါတယ်။
ဒီတိုက်ပွဲတွေဟာ အစိုးရတပ်ရဲ့ ထိုးစစ်တွေကြောင့် ဖြစ်တာလို့ တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်လ ၂၈ ရက်က စလို့ တိုက်ပွဲတွေက ပိုပြင်းထန်လာသလို ပိုပြီးစိတ်လာတဲ့အတွက် ဒေသခံတွေဟာ မိမိတို့နေရပ်တွေကို စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရပြီး အနီးအနားရွာတွေက ပြေးလာတဲ့ ဒုက္ခသည်ပေါင်း တထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းသာမက ကရင်ပြည်နယ် ဖာပွန်ခရိုင်က ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတရောခရိုင်မှာလဲ တပ်မတော်ဘက်က အင်အားတိုးချဲ့မှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အရပ်သား ၁၅၀၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။