ဆယ်နှစ်ကျော် ပျောက်နေတဲ့ ပတ္တမြားဖိနပ်ပြန်တွေ့ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြတိုက်မှာ ထားရင်း အခိုးခံခဲ့ရတဲ့ ဖိနပ်
The Wizard of Oz ရုပ်ရှင်ဇာတ်ကားမှာ အမေရိကန် ဇာတ်ဆောင် မင်းသမီး Judy Garland စီးခဲ့တဲ့ ပတ္တမြား ဖိနပ် တရံကို အခိုးခံရပြီး ၁၃ နှစ်ကြာ ပျောက်ဆုံး နေရာ ကနေ အခု ပြန်တွေ့ပြီ ဖြစ်ပါတယ်။
ပတ္တမြား ဖိနပ်လို့ တင်စား ခေါ်ဝေါ်တဲ့ ဒီဖိနပ်ဟာ ရိုးရိုးဒေါက်မြင့် ဖိနပ်ဖြစ်ပြီး တခုလုံးကို အနီရောင် ဘောကြယ်လေးတွေ ထိုး ထားတာ ဖြစ်ပါတယ်။
အဲဒီ ဖိနပ်ကို ရုပ်ရှင် သမိုင်းမှာ တန်ဖိုးအရှိဆုံး အသုံးအဆောင် တခု အဖြစ် အလေး ထားကြတာ ဖြစ်ပါတယ်။
Minnesota ပြည်နယ်က ပြတိုက်တခုမှာ အဲဒီ အဖိုးတန် ဖိနပ်ကို ပြထားရာကနေ ၂၀၀၅ ခုနှစ် ညတညမှာ ပြတိုက်ပြုတင်းပေါက်ကို ရိုက်ချိုးခွဲကာ အခိုးခံ ခဲ့ရတာ ဖြစ်ပါတယ်။
အခုတော့ အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို FBI ကနေ ပြန်တွေ့ပြီ ဆိုတာကို အတည်ပြုပေမယ့် ဘယ်လို ဘယ်နည်း ပြရခဲ့တယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။
ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ဇာတ်ဆောင် မင်းသမီး ဂျူဒီ ဂါးလန်း
၁၉၃၉ ခုနှစ်တုန်းက ရုပ်ရှင်ဖြစ်တဲ့ The Wizard of Oz ဇတ်ကား မှာ Judy Garland က အခုလို ပတ္တမြား ချယ်ထားတဲ့ ဖိနပ်မျိုး သုံးရံ စီးခဲ့တာ ဖြစ် တယ်။
ပျောက်ဆုံးနေတဲ့ ဖိနပ်တရံ ရှာဖွေရေးနဲ့ ခိုးယူသွားသူ နာမယ် ဖော်ထုတ်ပေးနိုင်ရေး အတွက် အမည်မဖော်လိုသူ တယောက်က ဒေါ်လာ တသန်း လှူဒါန်းခဲ့ဖူး ပါတယ်။
ဒါပေမယ့် အခုလို လှူဒါန်းမှုဟာ ဆယ်နှစ် အတွင်း ဖော်ထုတ်ပေးနိုင်တဲ့ အခါမှ ချီးမြှင့်ပေးမှာ ဖြစ်တဲ့ အတွက် ၁၃နှစ်ကြာမှု ဖော်ထုတ်နိုင်ခဲ့တဲ့ အပေါ် ဒီဆုကြေးနဲ့ လွဲချော်ခဲ့ရပါတယ်။
အခုတော့ ပျောက်ဆုံး ဖိနပ် ပြန်တွေ့ပြီ ဖြစ်ပေမယ့် ဘယ်နေရာမှာ တွေ့တာလဲ ဘယ်သူ့ လက်ထဲက ရတာလဲ ဆိုတဲ့ အသေးစိတ်တွေ လူသိရှင်ကြား ထုတ်ပြန်တာ မရှိသေးပါဘူး။
FBI အထူးထောက်လှမ်းရေး Joan Sanborn ကတော့ စုံစမ်း စစ်ဆေးမှု ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ တက်နိုင်သမျှ အချက်အလက် စုဆောင်းလျက် ရှိကြောင်းနဲ့ သတင်း ထုတ်ပြန် နိုင်မယ့် အချက်အလက် တော်တော်များများ စုစည်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။
မင်းသမီး ဂါလန်ရဲ့ ဇာတိ ဖြစ်တဲ့ မီချီဂန် ပြည်နယ် Grand Rapids မြို့က Judy Garland ပြတိုက် က အမှတ်တရ ပစ္စည်း စုဆောင်းသူ Michael Shaw ဆီကနေ ဒီဖိနပ်တွေ ခဏငှားကာ ပြတိုက်မှာ ပြသ ခဲ့တာ ဖြစ်ပါတယ်။
ဒီဖိနပ်ကို ခိုးသွားသူဟာ အေးအေးဆေးဆေးနဲ့ဘဲ ဖိနပ် ထည့်ထားတဲ့ ဖန်ပုံးကို ရိုက်ချိုး ဖျက်စီးကာ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ခိုးယူမှုနဲ့ ပတ်သက်လို့ လက်ဗွေရာ နဲ့ တခြား ခြေရာခံနိုင်တဲ့ အထောက်အထားတွေ မရှိခဲ့သလို အဲဒီညက ပြတိုက်က စီစီတီဗီ ကင်မရာကလည်း ပျက်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ခိုးခံခဲ့ရပြီး နောက်ပိုင်းမှာ ပြတိုက်က ဒီဖိနပ်ပြထားတဲ့ နေရာမှာ အလွတ်ထားကာ Dorathy's Ruby Slippers ဒေါ်ရသီရဲ့ ပတ္တမြား ဖိနပ်များလို့ ရေးထားတဲ့ စာတမ်းတခုသာ ခင်းကျင်း ထားခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ Who stole The Ruby Slippers ပတ္တမြား ဖိနပ် ဘယ်သူ ခိုးသလဲ ဆိုတဲ့ သူခိုး အကြောင်း ရိုက်ထားတဲ့ မှတ်တမ်း ရုပ်ရှင်ကို ၂၀၁၅ ခုနှစ်မှာ ထုတ်လုပ် ပြသခဲ့ဖူးပါတယ်။