အိန္ဒိယမှာ လင်ပါသမီးကို အုပ်စုနဲ့ အဓမ္မပြုကျင့်ခိုင်းတဲ့ မိထွေးကို ဖမ်းဆီး

Protest against rape ဓာတ်ပုံ မူပိုင် AFP
Image caption ၂ဝ၁၂ ကစပြီး အိန္ဒိယမှာ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုတွေကို ပိုနှိပ်ကွပ်လာ

အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား ဒေသမှာ ၉ နှစ်အရွယ် မိန်းကလေးတယောက်ကို အုပ်စုဖွဲ့ပြီး အဓမ္မကျင့်မှု၊ သတ်ဖြတ်မှုတွေနဲ့ လူ ၆ ယောက်ကို ဖမ်းထားပါတယ်။

မိန်းကလေးကို မတရား ပြုကျင့်ဖို့ မိန်းကလေးရဲ့ မိထွေးဖြစ်သူက ၁၄ နှစ် အရွယ် သူ့သားနဲ့ တခြားလူ ၃ ယောက် ကို ညွှန်ကြားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

သူ့ရှေ့မှာတင် ပြုကျင့်ခိုင်းတာလို့လည်း ဆိုပါတယ်။

ဘာရာမြူလာ ခရိုင်က တောအုပ်တခုထဲမှာ မိန်းကလေး အလောင်းကို တနင်္ဂနွေနေ့က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ်မှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ လက္ခဏာတွေ တွေ့ရပြီး အက်ဆစ်နဲ့ ရှို့ထားတာလည်း တွေ့ရတယ် လို့ ပြောပါတယ်။

မိန်းကလေးကို သူ့ဖခင်က အချစ်သည်းတာကို မိထွေးက မကျေနပ်ဘူးလို့လည်း ဆိုကြပါတယ်။

အလောင်းမတွေ့ခင် ၁ဝ ရက်လောက်ကတည်းက ဒီမိန်းကလေး ပျောက်နေတာလည်း ဖြစ်ပါတယ်။

ဒီမိန်းကလေးရဲ့ အမေနဲ့ ကလေးတွေကို မိထွေးက မကျေလည်တာ ကြာပြီလို့လည်း ရဲအရာရှိ မီရာ ဟူစိန်က သတင်းဌာနတခုကို ပြောကြားပါတယ်။

ကလေးမလေးကို အုပ်စုဖွဲ့ မတရားကျင့်ပြီးနောက် ပုဆိန်နဲ့ ခုတ်သတ်တာလို့လည်း ဟူစိန်က ဆိုပါတယ်။ သတ်တဲ့သူတွေထဲမှာ ပါတဲ့ ၁၉ နှစ်သားက မိန်းကလေး ခန္ဓာကိုယ်ကို ဖြတ်တောက်ပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကက်ရှ်မီးယားမှာ လပိုင်းအတွင်း မုဒိမ်းကျင့် သတ်ဖြတ်မှု ဒုတိယ တကြိမ် ဖြစ်ခဲ့တာပါ။ ဧပြီလကလည်း ၈ နှစ်သမီးကို အုပ်စုနဲ့ ပြုကျင့်ပြီး သတ်တာ ဖြစ်ခဲ့ပါတယ်။ မုဒိမ်းမှုနဲ့ မသင်္ကာသူတွေကို ထောက်ခံပွဲကို ဟိန္ဒူ ဘီဂျေပီ ပါတီက ဝန်ကြီး ၂ ယောက် တက်ခဲ့ပြီးနောက် တနိုင်ငံလုံး ဒေါသထွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် RAJAT GUPTA
Image caption မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆို

၂ဝ၁၂ ခုနှစ် နောက်ပိုင်း အိန္ဒိယမှာ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုတွေကို ပိုပြီး ဖိဖိစီးစီး အရေးယူလာ ခဲ့ပါတယ်။

အဲဒီနှစ်က ဒေလီမှာ ၂၃ နှစ် အရွယ် ကျောင်းသူတယောက်ကို ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ ပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှုကြောင့် တနိုင်ငံလုံး တုန်လှုပ်သွားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ရက်တွေနဲ့ချီ ဖြစ်ခဲ့ပြီး မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုတာတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့လည်း အမျိုးသမီးနဲ့ ကလေးတွေကို ကျူးလွန် စော်ကားတာတွေ အိန္ဒိယနိုင်ငံအနှံ့ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။