Salisbury မြို့ ဓာတုအဆိပ်ကိစ္စ သံသယရှိသူတွေ အမည် ရဲက ထုတ်ဖော်

ရုရှား၊ သူလျှို၊ ဓါတုအဆိပ်၊ ဆခရီပယ်

ဓာတ်ပုံ ရင်းမြစ်, MET POLICE

ဓာတ်ပုံ ပုံစာ,

အလက်ဆန်းဒါး ပက်ထရော့ဗ် နဲ့ ရူဆလန် ဘိုရှီရော့ဗ် ဆိုတာ သူတို့ရဲ့ အမည်ရင်း မဟုတ်ဘူးလို့ ယူဆရ

ပြီးခဲ့တဲ့ မတ်လတုန်းက အင်္ဂလန်ပြည် Salisbury မြို့မှာ ရုရှား သူလျှိုဟောင်း ဆာဂေး ဆခရီပယ် နဲ့ သူ့သမီး ယူလီယာ ဆခရီပယ် တို့ကို အာရုံကြော ထိခိုက်စေနိုင်တဲ့ နိုဗီချော့ခ် ဓာတုအဆိပ်နဲ့ လုပ်ကြံဖို့ ပူးပေါင်းကြံစည်မှုနဲ့ ရုရှားလူမျိုး နှစ်ဦးကို တရားစွဲဖို့ အထောက်အထား အလုံအလောက် ရထားပြီလို့ ဗြိတိသျှ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အဲဒီ အလက်ဆန်းဒါး ပက်ထရော့ဗ် နဲ့ ရူဆလန် ဘိုရှီရော့ဗ် ဆိုသူတို့ဟာ မစ္စတာ ဆခရီပယ်ရဲ့ အိမ်ရှေ့တံခါးမှာ အဆိပ်တွေ ဖြန့်ချခဲ့တယ်လို့ ဆိုပါတယ်။

ဆိုဗီယက်ခေတ် ကာလတုန်းက ထုတ်လုပ်ခဲ့တဲ့ နိုဗီချော့ခ် အဆိပ် အစအနတွေကို အဲဒီလူတွေ တည်းတဲ့ လန်ဒန်မြို့ ဟိုတယ်ခန်းထဲမှာလည်း တွေ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

အဲဒီ လူနှစ်ဦးဟာ မတ်လ ၂ရက်နေ့က မော်စကိုကနေ ဂက်တ်ဝစ် လေဆိပ်ကို ရောက်လာပြီး လန်ဒန်မြို့ အရှေ့ပိုင်းက City Stay ဟိုတယ်မှာ တည်းခဲ့တယ်လို့ ရဲက ပြောပါတယ်။

အဲဒီနောက် မတ်လ ၄ရက်နေ့မှာ Salisbury မြို့ကို သွားရောက်ခဲ့ပြီး အဲဒီမှာ မစ္စတာ ဆခရီပယ်လ်ရဲ့ အိမ်ရှေ့တံခါးမှာ နိုဗီချော့ခ် အဆိပ် သုတ်လိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ယူလီယာကို ဆေးရုံက ပြန်ဆင်းလာစဉ် တွေ့ရပုံ

ရုရှားအစိုးရကတော့ ဒီကိစ္စမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရုရှားလူမျိုးတွေကို နိုင်ငံလွှဲပြောင်း ပေးအပ်တာမျိုးကို ရုရှားအစိုးရက တားမြစ်ထားပါတယ်။

ဇူလိုင်လတုန်းက ဆော်လ်စ်ဘရီမြို့နားမှာ ဗြိတိသျှ အမျိုးသမီး ဒေါန်း စတားဂက်စ် သေဆုံးခဲ့တာဟာလည်း နိုဗီချော့ခ် အဆိပ်ကြောင့် ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

သူ့ရဲ့ လက်တွဲဖော် အမျိုးသား ချာလီ ရိုလီလည်း အဆိပ်သင့်ခဲ့ပေမယ့် ဝေဒနာ သက်သာခဲ့လို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။