လူမျိုးရေး တိုက်ခိုက်တဲ့ တရုတ်လူငယ်ကို ကင်ညာ ပြန်ပို့

Image of Liu Jiaqi ဓာတ်ပုံ မူပိုင် YouTube
Image caption ကင်ညာမှာ ငွေလာရှာတာ ဆိုတဲ့ လီယို ဂျီယာချီ

ဗီဒီယိုကနေ လူမျိုးရေး ပုတ်ခတ်တဲ့ စကားတွေ ပြောတဲ့ တရုတ် လူငယ် တယောက်ကို နှင်ထုတ်မယ်လို့ ကင်ညာ လူဝင်မှု ကြီးကြပ်ရေး ဌာနက ပြောပါတယ်။

သမ္မတ အူဟူရူ ကင်ညက်တာ အပါအဝင် ကင်ညာ နိုင်ငံသားတွေကို မျောက်တွေလို့ ပြောထားတဲ့ ဗီဒီယိုမှာ ပါတဲ့ အမျိုးသားကို လီယို ဂျီယာချီလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မစ္စတာ လီယိုနဲ့ သူ့ရှေ့နေတွေဘက်ကတော့ ဘာမှ တုံ့ပြန်ချက် မပေးသေးပါဘူး။

လူမျိုးရေး စော်ကားမှုနဲ့ သူ့ရဲ့ အလုပ် ပါမစ်ကို ရုပ်ပြီး နိုင်ငံကနေ နှင်ထုတ်မယ်လို့ ကင်ညာ အာဏာပိုင် တွေက ပြောပါတယ်။

မော်တော်ဆိုင်ကယ် ရောင်းတဲ့ လီယိုက ကင်ညာကို သူ မကြိုက်တဲ့အကြောင်း ပြောတာကို သူ့အလုပ်သမား တယောက်က ဗီဒီယို ရိုက်ထားခဲ့တာ ဖြစ်ပါတယ်။ ကင်ညာက လူတွေကလည်း ဆင်းရဲ မိုက်မဲတဲ့အပြင် အသားကလည်းမည်း၊ အနံ့ကလည်း ဆိုးလို့ မကြိုက်တာလို့ လီယိုက ပြောခဲ့တာပါ။

ဒါဖြင့် ဘာကြောင့် ဒီနိုင်ငံမှာ နေချင်တာလဲလို့ သူ့အလုပ်သမားက မေးတော့ ငွေလာရှာတာလို့ လီယိုက ပြန်ဖြေပါတယ်။

ဒီဗီဒီယိုကို စက်တင်ဘာလ ၅ ရက်မှာ အင်တာနက်မှာ တင်ပြီး နာရီပိုင်းမှာပဲ ရဲက လီယိုကို ဖမ်းပါတယ်။

ဘယ်တုန်းကရိုက်တဲ့ ဗီဒီယိုလဲ

ဒီ ၃ မိနစ်ကြာတဲ့ ဗီဒီယိုထဲမှာ လီယိုက သူ့ဝန်ထမ်း တယောက်ကို အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတာ ပါပါတယ်။

ဇွန်လက ရိုက်တဲ့ ဗီဒီယို လို့လည်း သိရပါတယ်။

သူ့ကို ဘာကြောင့် ခြိမ်းခြောက်တာလဲလို့ အလုပ်သမားက မေးတော့ ကင်ညာ ဖြစ်နေလို့ ဆိုပြီး လီယိုက ပြန်ပြောပါတယ်။

အဲဒီနောက် လီယိုက ကင်ညာနိုင်ငံကို မကြိုက်တဲ့ အကြောင်း ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောပါတယ်။

"ကင်ညာတွေ အကုန်လုံး သမ္မတပါမကျန် မျောက်နဲ့ တူတယ် ဆိုပြီး ပြောခဲ့တာပါ။

ဒီလို ပြောဆိုခဲ့တဲ့အတွက် သူ့ကို ကုမ္ပဏီက အပြစ်ပေးပြီးပါပြီလို့ ကင်ညာမှာ ရှိတဲ့ တရုတ် သံရုံးက ဆိုပါတယ်။

ကင်ညာ က လုပ်ဖော်ကိုင်ဘက်တွေကို တောင်းပန်ပြီးပြီလို့လည်း ဆိုပါတယ်။

သူ့အမြင် ခံစားချက်ကို ပြောတာဟာ တရုတ် နိုင်ငံသားတွေရဲ့ အမြင်ကို မထင်ဟပ်ပါဘူးလို့လည်း ဖြေရှင်းခဲ့ပါတယ်။

ဘယ်တော့ ပို့မှာလဲ

လူတယောက်ကို လူမျိုးရေး တိုက်ခိုက်မှုနဲ့ နှင်ထုတ်လို့ ရမရ ဆိုတာက မရှင်းသေးတဲ့ အချက် ဖြစ်ပါတယ်။

ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ ကင်ညာ လူဝင်မှု ကြီးကြပ်ရေးက ပြောတယ်လို့လည်း အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ လီယိုကို တခုခုနဲ့ စွဲချက်တင်ဖို့ ရှာဖွေနေပုံ ရပါတယ်။

အသားအရောင်ကို လိုက်ပြီး ခွဲခြားဆက်ဆံတာဟာ ဥပဒေနဲ့ မညီဘူးလို့လည်း သတင်းထောက်က ဆိုပါတယ်။

ဒါမျိုး ဖြစ်ဖူးသလား

လူမျိုးရေး ခွဲခြားမှု စွဲချက်နဲ့ ပြန်ပို့တယ် ဆိုတာက ပထမဆုံး ကိစ္စ ပေမယ့် ဒီလို လူမျိုးခွဲခြားတယ် ဆိုပြီး စွပ်စွဲတာတွေ ရှိခဲ့ဖူးပါတယ်။

၂ဝ၁၅ တုန်းက နိုင်ရိုဘီမှာ တရုတ် စားသောက်ဆိုင် ပိုင်ရှင် တယောက်ကို ဖမ်းဖူးပါတယ်။

အာဖရိက နွယ်ဖွားတွေကို ဆိုင်ထဲ အဝင်မခံလို့ ဆိုပြီး ဖမ်းခဲ့တာပါ။

အဲဒီနောက် အရက် လိုင်စင်မရှိဘဲ ရောင်းတယ်၊ ကျန်းမာရေးနဲ့ မညီဘူး ဆိုပြီး တရားစွဲပါတယ်။ လူမျိုးခွဲခြားလို့ မစွဲဆိုပါဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ်ဆောက်ပေးတဲ့ ရထားလမ်း မနှစ်ကဖွင့်

တရုတ် ဖောက်ထားတဲ့ ရထားလမ်းမှာ လုပ်နေကြတဲ့ ကင်ညာ အလုပ်သမားတွေမှာလည်း လုပ်ခ ပေးတာ အပါအဝင် ခွဲခြား ဆက်ဆံခံရတာတွေ ရှိတယ် ဆိုပြီး စွပ်စွဲမှုတွေ ရှိပါတယ်။

အလုပ်ထဲက စားသောက်ဆိုင်မှာ ကင်ညာက လူတွေနဲ့ တစားပွဲထဲ ထိုင်မစားတာမျိုးလို တရုတ်တွေ အချင်းချင်း နားလည်တဲ့ စည်းမျဉ်းတွေ ရှိတယ်လို့ ကင်ညာ သတင်းစာတစောင်က ရေးပါတယ်။

ကင်ညာ အစိုးရက ဒီစွပ်စွဲချက်ကို ပယ်ချပါတယ်။

ကင်ညာ -တရုတ် ဆက်ဆံရေး

ကင်ညာမှာ နေတဲ့ တရုတ် ဦးရေ တသောင်းလောက် ရှိပြီး တရုတ် စီးပွားရေးတွေ ရှိလို့ လာလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

တရုတ်က ကင်ညာမှာ ဒေါ်လာ သန်းချီပြီး ဒီနှစ်ပိုင်းအတွင်း ရင်းနှီး မြှုပ်နှံလာပါတယ်။ ဒီထဲမှာ နိုင်ရိုဘီ မြို့တော်ကနေ ကမ်းရိုးတန်းကို သွားတဲ့ ရထားလမ်း စီမံကိန်းလည်း ပါပါတယ်။

ကင်ညာကို တိုးတက်အောင် တရုတ်က ကူညီနေလို့ ကျေးဇူးတင်ကြောင်းလည်း မကြာခင်က ဘေဂျင်းမှာ ကျင်းပတဲ့ တရုတ် အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီးတွေ့ဆုံပွဲမှာ သမ္မတ ကင်ညက်တာ က ပြောကြား ခဲ့ပါတယ်။

အခု လီယိုကို ပြန်ပို့မယ့် သတင်းထွက်လာချိန်ဟာ နိုင်ရိုဘီမှာ ရှိတဲ့ တရုတ် သတင်းဌာနရုံးကို ရဲက ဝင်ရှာပြီး နောက်တရက်မှာ ထွက်လာတာ ဖြစ်ပါတယ်။

တရားမဝင် ဝင်လာသူတွေကို ဝင်ရှာတာလို့ အကြောင်းပြပါတယ်။

သတင်းထောက် အများအပြား ထိန်းသိမ်းခံရပေမယ့် စာရွက်စာတမ်းတွေ ထုတ်ပြနိုင်လို့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီလို သူတို့နိုင်ငံသားတွေကို စာရွက်စာတမ်း ရှိရဲ့သားနဲ့ ရဲစခန်းအပို့ခံရတာတွေ မကြာခဏ ဖြစ်နေလို့ စိုးရိမ်ကြောင်း သံတမန်လမ်းကြောင်းကတဆင့် ပြောဆိုသွားမယ်လို့လည်း တရုတ်သံရုံးက ပြောကြားခဲ့ပါတယ်။

ဘီဘီစီ တဝန်း