အသက် ၂၆ နှစ် ရက်ပ် ဂီတသမား Mac Miller သေဆုံး

အသက် ၂၆ နှစ် ရက်ပ် ဂီတသမား Mac Miller
ဓာတ်ပုံ ပုံစာ,

အသက် ၂၆ နှစ် ရက်ပ် ဂီတသမား Mac Miller

အမေရိကန် ရက်ပ်ဂီတသမား Mac Millerဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့သူရဲ့ နေအိမ်မှာ သေဆုံး နေတယ်လို့ သေမှုသေခင်း စုံစမ်း စစ်ဆေးရေး အရာရှိက အတည်ပြုပါတယ်။

အလောင်းကို စစ်ဆေးနေဆဲဖြစ်တာကြောင့် သေဆုံးရတဲ့ အကြောင်းအရင်းကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မီဒီယာတွေမှာ သူဟာ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲလို့ သေဆုံးတာလို့ ဖော်ပြနေပါတယ်။

စက်တင်ဘာ ၇ ရက် မနက်ပိုင်းလောက်က မလှုပ်မရှားနိုင်တဲ့ Mac Miller ကို တွေ့ရှိခဲ့လို့ တာဝန်ရှိ သူတွေကို ဖုန်းဆက် အကြောင်းကြားခဲ့ရာမှာ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ထိုးခါနီးမှာ သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန် ပါတယ်။

သူကွယ်လွန်သွားတဲ့အပေါ်လည်း ဝမ်းနည်းရတယ်လို့ နာမည်ကြီးအနုပညာရှင်တွေကလည်း ထုတ်ဖော်ရေးသားနေကြပါတယ်။

ဓာတ်ပုံ ပုံစာ,

အသက် ၂၆ နှစ် ရက်ပ် ဂီတသမား Mac Miller

ဒီနှစ်အစောပိုင်းမှာ Swimming လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်ကို Mac Miller က ထုတ်ဝေခဲ့ပြီး ဖျော်ဖြေရေးပွဲတွေ စီစဉ်ထားပါတယ်။

လူမှုကွန်ရက် တွစ်တာပေါ်မှာ နောက်ဆုံးရေးသားခဲ့တဲ့ ပိုစ့်မှာတော့ Mac Miller က နောက်လမှာ သွားမယ့် မြောက်အမေရိက ခရီးစဉ်နဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲခဲ့ပြီး ကားမောင်းခဲ့ရာမှာ ကားတိုက်မှုဖြစ်ပြီးတဲ့နောက် ထွက်ပြေးခဲ့တာကြောင့် မေလက အဖမ်းခံရ သလို ပြီးခဲ့တဲ့လကစပြီး ဒီအမှုကို Mac Miller က ရင်ဆိုင်နေရပါတယ်။

Mac Miller ရဲ့ အမည်ရင်းက Malcolm James McCormick ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပထမဆုံး ထုတ်ဝေခဲ့တဲ့ အယ်လ်ဘမ်နဲ့ အမေရိကန်မှာ ထိပ်တန်း စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

Mac Millerဟာ အဆိုတော် Ariana Grandeနဲ့ တွဲခဲ့ပြီး နောက်ပိုင်းမှာ ပြတ်စဲ

Mac Miller ဟာ အဆိုတော် Ariana Grande နဲ့ တွဲခဲ့ပြီး နောက်ပိုင်းမှာ ပြတ်စဲခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ သီချင်းတွေကို အတူရေးခဲ့သလို ၂၀၁၇ ခုနှစ် မန်ချက်စတာ စတိတ်ရှိုးမှာလည်း အတူတကွ ဖျော်ဖြေခဲ့ကြပါတယ်။

Pennsylvaniaပြည်နယ်မှာရှိတဲ့ Pittsburghမှာ Mac Millerကို မွေးဖွားခဲ့ပြီး ကျောင်းတက်ခဲ့စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့ပါတယ်။ အသက် ၆ နှစ်မှာ သူဟာ စန္ဒယားကို စတင်တီးခတ်ခဲ့ပြီး နောက်ပိုင်းမှာ ဒရမ်၊ ဘေ့စ်နဲ့ ကီးဘုတ် တွေကို တီးခတ်ခဲ့ပါတယ်။

အသက် ၁၅နှစ်အရွယ်မှာ EZ Mac နာမည်နဲ့ ခွေတခွေ ထုတ်ဖူးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ၂၀၁၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ 2010's KIDS ဆိုတဲ့ အယ်လ်ဘမ်နဲ့ သီချင်းတွေကို ထုတ်ဝေဖို့ Mac Millerက စာချုပ် ရရှိခဲ့ပါတယ်။

သူရဲ့ သီချင်းတွေနဲ့ အင်တာဗျူးတွေမှာ သူကဆေးစွဲနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောဆို ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။