သမ္မတ ထရမ့်ရဲ့အကြံပေး အရာရှိဟောင်းကို ထောင် ၁၄ ရက်ချ

သမ္မတထရမ့်ရဲ့ အကြံပေး အရာရှိဟောင်း George Papadopoulos

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

သမ္မတထရမ့်ရဲ့ အကြံပေး အရာရှိဟောင်း George Papadopoulos

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက် စွက်ဖက်မှုနဲ့ ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ အကြံပေး အရာရှိဟောင်းတဦးကို ထောင်ဒဏ် ၁၄ ရက် ချမှတ်လိုက်ပါတယ်။

အသက် ၃၁ နှစ် George Papadopoulos က ဝါရှင်တန် တရားရုံးတခုမှာ သူဟာ အမေရိကန် မျိုးချစ်တဦးဖြစ်ပြီး လိမ်လည် ပြောဆိုခဲ့တာကြောင့် အမှားတွေ ဖြစ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ရုရှားနဲ့ ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ခဲ့ရာမှာ တွေ့ဆုံခဲ့တဲ့ အချိန်နဲ့ ပတ်သက်ပြီး အက်ဖ်ဘီအိုင်ကို လိမ်လည်ခဲ့လို့ အပြစ်ရှိ တယ်လို့ သူက အရင်နှစ် အောက်တိုဘာလက တရားရုံးမှာ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Papadopoulos ကို ပြစ်ဒဏ်ချမှတ်ရာမှာ လူ့အဖွဲ့အစည်း အကျိုးပြု လုပ်ငန်းတွေ နာရီ ၂၀ဝ ကျော် ဆောင်ရွက်ဖို့နဲ့ ဒေါ်လာ ၉၅၀ဝ ကိုလည်း ဒဏ်ငွေဆောင်ဖို့ ပါဝင်ပါတယ်။

ဒါကြောင့် အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုကို စုံစမ်း စစ်ဆေးနေစဉ် အတွင်း ပထမဆုံး အဖမ်းခံရတဲ့ သမ္မတ ထရမ့်ရဲ့ အကြံပေး အရာရှိဟောင်းတဦး ဖြစ်လာပါတယ်။

သမ္မတထရမ့်က စုံစမ်းစစ်ဆေးမှု ကုန်ကျ စရိတ် ဒေါ်လာ ၂၈ သန်းနဲ့ ချမှတ်တဲ့ထောင်ဒဏ် ၁၄ရက်ကို နှိုင်းယှဉ်ပြီး လူမှုကွန်ရက် တွစ်တာကနေ တဆင့် တုန့်ပြန်ပါတယ်။

အသက် ၃၁ နှစ် George Papadopoulos

ဓာတ်ပုံ ရင်းမြစ်, TWITTER/@GEORGEPAPA19

ချီကာကိုမှာ မွေးဖွားတဲ့ မစ္စတာ Papadopoulos ဟာ လန်ဒန်အခြေစိုက် လောင်စာ ကုမ္ပဏီရဲ့ လေ့လာ ဆန်းစစ်သူ တဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လမှာ သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံခြား မူဝါဒရေးရာ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပါမောက္ခ Joseph Mifsud နဲ့ အဆက်အသွယ် ရခဲ့ပြီး ပါမောက္ခ Joseph Mifsud က မစ္စတာ ထရမ့်ရဲ့ ပြိုင်ဖက် ဒီမိုကရက်တစ် သမ္မတလောင်း ဟယ်လာရီ ကလင်တန်အပေါ် ရုရှားက အီးမေးလ်ကနေတဆင့် မကောင်းကြံခဲ့တယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာ ဝီကီလိဂ်က ထောင်နဲ့ချီတဲ့ ဟီလာရီကလင်တန်ရဲ့ အီးမေးလ်တွေကို ဖွင့်ချခဲ့ပါတယ်။

အဲဒီအချိန်က ရီပတ်ဘလီကင် သမ္မတ အမတ်လောင်း မစ္စတာ ထရမ့်နဲ့ ရွေးကောက်ပွဲ စည်းရုံး လှုပ်ရှားရာမှာ ဖွဲ့စည်းထားတဲ့ အမျိုးသား အကြံပေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ရုရှားသမ္မတ ပူတင်နဲ့တွေ့ဖို့ စီစဉ်ပေးထားတယ်ဆိုတာကို မစ္စတာ Papadopoulosက ပြောခဲ့ပါတယ်။

ဒါကို သမ္မတထရမ့်က ခေါင်းညိတ်ခဲ့ပေမယ့် တွေ့ဆုံဖို့ကိုတော့ အတည်ပြုချက် မပေးခဲ့ဘူးလို့ သူက ဆိုပါတယ်။

နောက်ပိုင်း ဒီကိစ္စကို လန်ဒန်က အရက်ဆိုင်တခုမှာ မစ္စတာ Papadopoulos က သြစတြေးလျ သံတမန် တဦးကို ပါမောက္ခ Joseph Mifsud နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း ၂၀၁၆ ခုနှစ် အလယ်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

သြစတြေးလျ သံတမန်က ဟီလာရီကလင်တန်ရဲ့ အီးမေးလ်တွေ ဖောက်ခံရတဲ့ နောက် အမေရိကန် စုံစမ်းစစ်ဆေးတဲ့သူတွေကို ဒီအကြောင်း ပြန် ဖောက်သည် ချခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ဝင်ရောက် စွက်ဖက်မှုကို စတင် စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ အက်ဖ်ဘီအိုင်က မစ္စတာ Papadopoulos ကို မေးမြန်းခဲ့ရာမှာ မစ္စတာ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖွဲ့ကို မဝင်မီမှာ ရုရှား အစိုးရနဲ့ အဆက်အသွယ်ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။

ဒါပေမယ့်လည်း သူက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖွဲ့ကို ဝင်ရောက်ပြီးမှ ရုရှားက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။