ဆရီနာနဲ့ ဗိုလ်လုပွဲမှာ ကစားဖို့ အိပ်မက် မက်ခဲ့တဲ့ အိုဆာကာ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျပန် တင်းနစ်မယ် အိုဆာကာ

တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ သူလေးစားအားကျတဲ့ တင်းနစ်မယ် ဆရီနာ ဝီလျံစ်နဲ့ ကစားရဖို့ အိပ်မက် မက်ခဲ့တယ်လို့ ဂျပန် တင်းနစ်မယ် နေအိုမီ အိုဆာကာ ပြောပါတယ်။

လက်ရှိကျင်းပနေတဲ့ အမေရိကန် အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး နောက်ဆုံး ဗိုလ်လုပွဲကို အိုဆာကာက ရောက်ရှိခဲ့ပြီး ဆရီနာ ဝီလျံစ်နဲ့ စက်တင်ဘာ ၈ ရက်နေ့ အမေရိကန် စံတော်ချိန် ည ကိုးနာရီမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ကလေးဘဝတုန်းက Grand Slam ဗိုလ်လုပွဲမှာ ဆရီနာနဲ့ ကစားဖို့ အိပ်မက် မက်ခဲ့ဖူးပေမယ့် အခုတော့ သူ့ကို ပြိုင်ဘက်တဦး အဖြစ် မြင်အောင် ကြိုးစားရမယ်လို့ အိုဆာကာက ပြောပါတယ်။

Image caption ဆရီနာ ဝီလီယံနဲ့အိုဆာကာ မှတ်တမ်း

အသက် ၂၀ အိုဆာကာဟာ အမေရိကန် အိုပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ရောက်ရှိလာတာဟာ ဂျပန်အမျိုးသမီး တဦး အနေနဲ့ အဓိက တင်းနစ် ပြိုင်ပွဲတခုကို ပထမဆုံးအကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

သူဟာ Madison Keys ကို ၆-၂၊ ၆-၄နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်သလို ဆရီနာကလည်း Sevastova ကို ၆-၃၊ ၆-ဝနဲ့ အနိုင်ရ ရှိခဲ့တာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် အဓိက တင်းနစ်ပြိုင်ပွဲတခုရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ ဆရီနာ ဗိုလ်စွဲ ခဲ့စဉ်တုန်းက အိုဆာကာက တနှစ်အရွယ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အိုဆာကာဟာ Grand Slam ပြိုင်ပွဲတွေမှာ ချန်ပီယံ တခါမှ မဖြစ်ဖူးသေးဘဲ အဓိက တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား Indian Wells တင်းနစ်ပြိုင်ပွဲ တခုမှာ အိုဆာကာ ဗိုလ်စွဲခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကယ်လီဖိုးနီးယား Indian Wells တင်းနစ်ပြိုင်ပွဲ တခုမှာ အိုဆာကာ ဗိုလ်စွဲခဲ့ဖူးပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်နဲ့ဆိုရင် အိုဆာကာက ၆၈ နေရာမှာ ရှိနေပါတယ်။ အိုဆာကာကို ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက် ၃ နှစ်မှာ အမေရိကန် နယူးယောက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အိုဆာကာရဲ့ အဖေက ဟေတီနိုင်ငံသား ဖြစ်ပြီး အမေက ဂျပန်နိုင်ငံသားလည်း ဖြစ်ပါတယ်။ အိုဆာကာက ဂျပန်နိုင်ငံမှာလည်း လူသိများ ထင်ရှားတဲ့ အားကစားသမား တဦး ဖြစ်နေပြီလို့ ဆိုပါတယ်။

ဆရီနာ ဝီလျံစ် အတွက်တော့ အမေရိကန် အိုပင်းပြိုင်ပွဲဟာ မိခင်တဦးဖြစ်ပြီးတဲ့နောက် ဒုတိယအကြိမ် ဝင်ရောက် ယှဉ်ပြိုင်တဲ့ တင်းနစ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ Wimbledon တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဆရီနာက Kerberကို ရှုံးနိမ့်ထားပါတယ်။

ဆရီနာက Grand Slam ချန်ပီယံ ၂၄ ကြိမ်ရထားဖူးတဲ့ သြစတြေးလျ တင်းနစ်မယ် Margaret Court ရဲ့ စံချိန်နဲ့ တန်းတူ ဖြစ်အောင် ကြိုးစားဖို့ ရည်မှန်းထားသလို လက်ရှိ သူက Grand Slam ချန်ပီယံ ၂၃ ကြိမ် ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ